ယခင်အချိန်က ကျန်းမာရေးပြဿနာတစ်စုံတစ်ရာဖြစ်လျှင် ပြသနိုင်သည့် ဆေးရုံဆေးခန်းအရေအတွက်မှာ အလွန်တရာ နည်းပါးလွန်းလှသည်။ ယခုအခါတွင် ခေတ်မှီတိုးတက်လာသည်နှင့်အမျှ ဆေးရုံဆေးခန်းများ မှာလည်း အင်မတန်များပြားလာသည်မှာ ဝမ်းသာဖွယ်တွေ့မြင်နိုင်ပေသည်။ အစိုးရ ဆေးရုံဆေးခန်းများအပြင် ပုဂ္ဂလိကဆေးရုံဆေးခန်းများမှာလည်း ရန်ကုန်မြို့ရှိနေရာတော်တော်များများတွင် တွေ့မြင်နိုင်သည်သာမက အချို့မြို့နယ်များတွင်ပင်တွေ့မြင်နိုင်ပေသည်။ ဆေးရုံဆေးခန်းများ ပေါများလာသည်နှင့်အမျှ ထိုဆေးရုံဆေးခန်းများတွင် အလုပ်လုပ်ကိုင်သည့် ကျန်းမာဝန်ထမ်းများလည်း များပြားလာကြသည်။ ထိုကျန်းမာရေးဝန်ထမ်းများသည် နာမကျန်းသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို များစွာသော ဘေးဥပါဒ်အန္တရာယ်များစွာကြားမှ ပေးနေကြရခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ထမ်းများ ရင်ဆိုင်ကြုံတွေ့နိုင်သော ဘေးဥပါဒ်အန္တရာယ်များမှာ အဘယ်နည်း။
ဆေးရုံဆေးခန်းအများစုသည် လူနာများသက်တောင့်သက်သာရှိစေရန်အတွက် အလုံပိတ်ခန်းတွင် လေအေးပေးစက်များကို တပ်ဆင်ထားလေ့ရှိသည်။ ထိုကြောင့် လေမှတဆင့်ကူးစက်နိုင်သော TB ရောဂါ၊ တုပ်ကွေးရောဂါများ၊ ဝက်သက်ရောဂါအစရှိသည့်ရောဂါများဖြစ်ပွားရန် လွယ်ကူလှပေသည်။ ထို့ပြင် လူနာများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့်အတွက် မျက်စိနာရောဂါများ၊ ဝဲရောဂါများစသည့် ကူးစက်ရောဂါများလည်း ဖြစ်နိုင်ပါသည်။ WHO ၏ စစ်တမ်းများအရ ၂၀၁၄-၂၀၁၅ ခုနှစ်ခန့်က တစ်ကမ္ဘာလုံးနီးပါးကို ထိတ်လန့်စေခဲ့သော Ebola ရောဂါဖြစ်ပွားမှုတွင်လည်း ကျန်းမာရေးဝန်ထမ်းများသည် သာမန်လူများထက် ရောဂါကူးစက်နိုင်ခြေ ၂၁ ဆ မှ ၃၂ ဆခန့် ပိုမိုများပြားကြောင်းသိစေနိုင်ပါသည်။ ထို့ပြင် ထိုဆေးရုံဆေးခန်းများမှ ထွက်သော စွန့်ပစ်ပစ္စည်းများမှလည်း ကျန်းမာရေးဝန်ထမ်းများအား ဘေးဥပါဒ် ဖြစ်စေနိုင်သည်။ ထိုစွန့်ပစ်ပစ္စည်းများ၏ ၈၅% ခန့်သည် ပုံမှန်စွန့်ပစ်ပစ္စည်းများဖြစ်ကြပြီး ကျန် ၁၅% တွင် လူနာ၏ ရောဂါပိုးမွှားများပါဝင်နိုင်သော စွန့်ပစ်ပစ္စည်းများ (သလိပ်၊ တံတွေးအစရှိသည်)၊ လူနာ၏ သွေးများ အညစ်အကြေးများပေကျံနေသည့် (ပတ်တီးစများ၊ ဂွမ်းများ)၊ ချွန်ထက်သော ပစ္စည်းများ (အပ်များ၊ ခွဲစိတ်ရာတွင် အသုံးပြုသော ပစ္စည်းများ)၊ ဓာတ်ရောင်ခြည်သင့်စေနိုင်သော ပစ္စည်းများ (ကင်ဆာဆေးများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ပြဒါးများ) စသည်တို့ပါဝင်ပါသည်။ ထိုကဲ့သို့သော ပစ္စည်းများကို လက်အိတ် (သို့မဟုတ်) အကာအကွယ်မပါဘဲ ကိုင်တွယ်ပြုမူခြင်းသည် မိမိ၏ ထိခိုက်ရှနာရှိနေနိုင်သော အရေပြားမှတဆင့် ရောဂါများ ကူးစက်စေနိုင်ပါသည်။ ထို့အပြင် ရောဂါပိုးရှိသော ဆေးထိုးအပ်မှတဆင့် ရောဂါကူးစက်မှုများသည် B ပိုး၊ C ပိုးနှင့် HIV ရောဂါတို့တွင် ကူးစက်နိုင်ခြေ ၃၀% ၊ ၁.၈% နှင့် ၀.၃% ခန့် အသီးသီး ရှိကြသည်။ ထို့ကြောင့် စွန့်ပစ်ပစ္စည်းများကိုလည်း ဆေးရုံဆေးခန်းများအနေဖြင့် စနစ်တကျ ဖြေရှင်းရန် လိုအပ် လှပေသည်။ လူသားတို့ဘဝတွင် အရေးကြီးဆုံးမှာ ရှင်သန်နေထိုင်မှုပင်ဖြစ်သည်။ ထိုရှင်သန်နေထိုင်မှုနှင့် ပတ်သက်ဆက်နွယ်၍ လုပ်ဆောင်နေရသော တနည်းဆိုသော် သေမင်းတမန်နှင့် စစ်ခင်းအားပြိုင်နေရသော ကျန်းမာရေးဝန်ထမ်းများ၏ ဘဝတွင် သာမန်လူသားများထက် စိတ်ဖိစီးမှုများနှင့် တွေ့ကြုံရင်ဆိုင်ရမည်မှာလည်း ဧကန်မလွဲပင်ဖြစ်သည်။ ထို့အပြင် အစာစားချိန်မမှန်ခြင်း၊ အိပ်ချိန်မမှန်ခြင်းများမှာလည်း ကျန်းမာရေး ဝန်ထမ်းများအတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့သို့ပင် ဖြစ်နေလေသည်။ ထို့ကြောင့် ကျန်းမာရေး ဝန်ထမ်းများသည် တစ်ပါးသူအတွက်သာ ပိုမိုကျန်းမာအောင်ပြုလုပ်ပေးနေသော်လည်း မိမိကိုယ်တိုင်ကမူ ကျန်းမာစေသည့် အမူအကျင့်အနေအထိုင်များနှင့် ကွာဝေးသကဲ့သို့ဖြစ်နေလေသည်။
ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ထိုဘေးဥပါဒ်များမှ ကင်းဝေးရန်မည်သို့ ပြုမူသင့်သနည်း။
လေမှတဆင့် ဖြစ်ပွားသော ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ကိုယ်ခံအားကောင်းအောင် ပြုမူနေထိုင်ပါ။ အာဟာရပြည့်ဝစွာ စားသုံးပါ။ Vitamin C ပါသော အစားအစာများကို စားသုံးပါ။ တိုက်ရိုက်ထိတွေ့ကူးစက်မှုများမှ ကာကွယ်စေနိုင်ရန်အတွက် လူနာအားထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကို စင်ကြယ်စွာ ဆေးကြောပါ။ ချွန်ထက်သော ပစ္စည်းများအား သတိဖြင့် ကိုင်တွယ်ပါ။ ချွန်ထက်သော ပစ္စည်းများနှင့် ထိခိုက်ရှနာမှုများ ရှိလာပါကလည်း တတ်သိနားလည်သည့် ဆရာဝန်နှင့် တိုင်ပင်၍ ဆေးများကို သောက်သုံးကာ ကြိုတင်ကာကွယ်မှုများပြုလုပ်ပါ။ ထို့အပြင် ကာကွယ်ဆေးထိုးခြင်းများကိုလည်း ပြုလုပ်သင့်ပါသည်။ ဤနည်းများဖြင့် တစ်ပါးသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုပေးနိုင်စေရန်အတွက် မိမိကိုယ်တိုင်လည်း ကျန်းမာရေးစောင့်ရှောက်မှုများကို ရယူသင့်ကြောင်း သတိပေး နိုးဆော်ရင်း နိဂုံးချုပ်အပ်ပါသည်။
Author – Dr.မေ(OnDoctor)