ပြီးခဲ့တဲ့ မေလ ၂၄ရက်က ကျရောက်ခဲ့တဲ့ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲအတွင်းဝန်ဒေါက်တာသက်ခိုင်ဝင်းက “မြန်မာနိုင်ငံမှာလည်း တီဘီ၊ HIV ၊ ဆေးယဉ်ပါးတီဘီရောဂါတွေဟာ ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်ရှိနေဆဲ ဖြစ်ပါတယ်” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လူဦးရေ ၅၄သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ နှစ်စဉ် တီဘီလူနာသစ် နှစ်သိန်းခန့်ဖြစ်ပွားနေတယ်ဟု ခန့်မှန်းထားပြီး (၂၀၁၂-၂၀၁၃) ခုနှစ် တတိယအကြိမ် ဆေးယဉ်ပါး တီဘီစစ်တမ်းအရ တီဘီလူနာသစ် ၅ ရာခိုင်နှုန်းဟာ ဆေးယဉ်ပါးတီဘီဖြစ်ပွားလျက်ရှိသည်ကို ထပ်မံတွေ့ရှိထားပါတယ်လို့ ဆိုပါသေးတယ်။
၂၀၁၃ ခုနှစ်အတွင်း ဆေးယဉ်ပါးတီဘီလူနာတွေကို ဆေးကုသမှုအောင်မြင်နှုန်းမှာ ၈၃ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ပေမယ့် ၂၀၁၄ခုနှစ်မှာ လူနာ ၁,၅၀၀ ကျော် ကိုသာ ကုသပေးနိုင်ခဲ့တယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ အချက်အလက် တွေက ထောက်ပြထားပါတယ်။ အချက်အလက်တွေကို နှိုင်းယှဉ်ကြည့်ရင် ကျန်းမာရေးကဏ္ဍ အတွက် လုပ်ဆောင်စရာ၊ ခေါင်းခဲစရာတွေကို ရင်ဆိုင်နေကြရမှာပါ။
တီဘီရောဂါတိုက်ဖျက်ရေးအတွက်ကို ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ၂၀၁၁-၁၆ မှာ အမေရိ ကန်ဒေါ်လာ ၁၀၈ သန်း၊ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး (တီဘီ၊ အိတ်ခ်ျ အိုင်ဗီ၊ ဆေးယဉ်ပါးတီဘီ) ရန်ပုံငွေကနေ ၂၀၁၄-၁၆ ကာလအတွက် ၃၇ ဒသမ ၅သန်း ခန့်ဖြင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်မှာတော့ ဆေးယဉ်ပါးတီဘီလူနာ ဦးရေ ၁,၀၀၀ ၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဆေးယဉ်ပါး တီဘီလူနာ ၁,၂၀၀ အတွက် ဒုတိယအဆင့်တီဘီဆေးဝါးတွေကို နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံ သုံးစွဲခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ကျန်းမာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေတွေထဲက သုံးစွဲခဲ့ပေမယ့် ကျန်းမာရေး အခြေခံအဆောက်အအုံကဏ္ဍ၊ ကျန်းမာရေးဝန်ထမ်းနည်းပါးနေမှုတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကတော့ ရှိနေဆဲဖြစ်နေတာကို တွေ့မြင်နေရပါတယ်။ ဆေးယဉ်ပါးတီဘီရောဂါအပါ အဝင်၊ သာမန်ရိုးရိုးတီဘီရောဂါကိုကုသဖို့အတွက် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံ ကိန်း မှာ လုံလောက်တဲ့ဆေးဝါးတွေ ရှိနေပြီဖြစ်ပေမယ့် ရှိနေတဲ့ဆေးတွေကိုထိရောက်စွာ အသုံးချဖို့ ကတော့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ တီဘီရောဂါကုသရေးအပြင် ပြည်သူလူထုကို အသိပညာ ဝေမျှပေးရေး၊ ထိရောက်တဲ့ မူဝါဒတွေနဲ့ ချမှတ်ပြီး တိုးမြှင့်ဆောင်ရွက်ဖို့ မမေ့ထားသင့်ချေ။
လုပ်ငန်းခွင်နဲ့ တီဘီရောဂါ
လက်ရှိတီဘီရောဂါဖြစ်ပွားသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်ကနေ ၅၄ နှစ် အရွယ် တွေ ဖြစ်တဲ့အတွက်ကြောင့် ကုန်ထုတ်စွမ်းအားအပေးနိုင်ဆုံး အသက်အရွယ်လို့ ဆိုရမှာပါ။ ဒါကြောင့်မို့ တီဘီရောဂါဟာ မြန်မာ့စီးပွားရေးလုပ်ငန်းကဏ္ဍအတွက် အရေးပါတဲ့ Human Resource ကို သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ ခြောက်လှန့်နေတာကတော့ အမှန်ပါ။ တီဘီလူနာတွေဟာ မိသားစု ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ လုပ်ငန်းခွင်နေရာတွေနဲ့ အသက်မွေးဝမ်းကျောင်းနေရာတွေကို မဖြစ်မနေ စွန့်လွှတ်ကျောခိုင်းခဲ့ရတဲ့အဖြစ်အပျက်တွေက ဒုနဲ့ ဒေးပင်။
သို့ဖြစ်ပါ၍ အများပြည်သူနဲ့ထိတွေ့ဆက်ဆံနေရတဲ့ လုပ်သားပြည်သူတွေ၊ ဘတ်စ် ကားယာဉ်မောင်းတွေ၊ ဝန်ဆောင်မှုပေးနေရတဲ့ဝန်ထမ်းတွေ အလုပ်လျှောက်တဲ့အခါမှာ အလုပ်နဲ့ ပတ်သက်တဲ့ကျန်းမာရေးစစ်ဆေးချက်တွေ ဆောင်ရွက်တဲ့နေရာမှာ တီဘီရောဂါကိုလည်း ထည့်ပြီး တော့ ဆောင်ရွက်သင့်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းကို အလုပ်မရအောင် ခွဲခြားတာလို့လည်း မမြင်စေချင်ပါဘူး။ တီဘီရောဂါဖြစ်နေတဲ့သူလို့ စောစောသိရင် ထိရောက်တဲ့ ဆေးပေးနိုင်မယ်၊ အဲဒီတော့လူနာလည်း ရောဂါပျောက်ကင်းသွားသလို၊ သူ့ဆီကတစ်ဆင့် ကူးစက်မယ့်ရောဂါ ကူးစက်နှုန်းလည်းလျော့သွားမှာ ဖြစ်ပါတယ်။
“တီဘီရောဂါဖြစ်တဲ့လူတိုင်းသည် ဆေးကုသမှုကို ခံယူရမယ်ဆိုတဲ့ ဥပဒေရှိသင့်တယ်။ တီဘီက ကုရင်ပျောက်တယ်။ မကုရင်တော့ မပျောက်တဲ့အပြင် အများပြည်သူကိုလည်း အန္တရာယ် ပေးနိုင်၊ ကူးစက်နိုင်တော့ တစ်ယောက်တည်းနဲ့ဆိုင်တဲ့ ရောဂါမဟုတ်ဘူး။ အများထိခိုက်မှာ ဖြစ်တဲ့ အတွက် ကူးစက်ရောဂါနဲ့ ပတ်သက်ရင် ဥပဒေနဲ့ထုတ်ပြီးတော့ ဆေးကုသဖို့ ဆောင်ရွက်သင့် တယ်” လို့ တီဘီရောဂါတိုက်ဖျက်ရေး သုတေသနပြုနေသူ ဒေါက်တာထင်လင်းအောင်နဲ့ The Myanmar Times တို့ တွေ့ဆုံမေးမြန်းထားတဲ့ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ပန်းတိုင်ကို ရောက်နေပြီလား
နှစ်စဉ်ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ဟာ တီဘီရောဂါ ဖြစ်ပွားနေပြီး လူနာ ၁၀. ၄ သန်းမှာ ၁.၈ သန်းခန့် သေဆုံးနေတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ လူနာရှင်ဟာ ဆေးယဉ်ပါး တီဘီရောဂါကို နေ့စဉ်ကုသမှုအဖြစ် ပြင်းထန်နာကျင်ခံစားရတဲ့ ထိုးဆေးကို ခြောက်လကြာထိုးနှံ ရမှာဖြစ်ပြီး နေ့စဉ်ဆေးပေါင်းစုံ ၁၁ လုံးခန့်ကိုလည်း လ ၂၀ ကြာ သောက်သုံးရမှာဖြစ်ပါတယ်။ ဒါပြင် ခက်ခဲပင်ပန်းတဲ့ဆေးယဉ်ပါးတီဘီကုထုံးကို ရွေးချယ်လိုက်တဲ့လူနာတွေဟာ ကာလရှည် ပြင်းထန်တဲ့ကုသမှုတွေကြောင့် ခန္ဓာကိုယ်၊ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေအပြင် အလုပ် မလုပ်နိုင်သဖြင့် ဝင်ငွေမရှိတာတွေနဲ့ အထီးကျန်ဆန်ခြင်းတွေက သူရဲ့ဝေဒနာကို ထပ်တိုးစေမှာ အသေအချာပင်။
အဆိုပါအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ဆေးယဉ်ပါးတီဘီရောဂါရှာဖွေတာကို လူနာတွေ လက်လှမ်းမီစေဖို့ လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ဇီဝလုံခြုံမှု အဆင့်(၃)ရှိ တီဘီဓါတ်ခွဲခန်းတွေ ဖွင့်လှစ်ထားပြီး (၂၀၁၆-၂၀၁၇)ဘဏ္ဍာနှစ်တွင် မော်လမြိုင်မြို့ တွေမှာ တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ထားလို့ ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာ့ ရန်ပုံငွေအဖွဲ့(Global Fund) နဲ့ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် သုံးမျိုး (3MDG) ရန်ပုံ ငွေတွေဖြင့် ဆေးယဉ်ပါးတီဘီလူနာတွေကို အာဟာရထောက်ပံ့ခြင်း၊ ခရီးစရိတ်ထောက်ပံ့တာ၊ ဓါတ်ခွဲစစ်ဆေးမှုများအတွက် ကုန်ကျစရိတ် ထောက်ပံ့တာတွေကို ဆေးကုသမှုကာလ လပေါင်း (၂၀) အတွင်း ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းဟု ၀န်ကြီးဌာနက ဆိုထားပါတယ်။
သို့ဖြစ်ပါ၍ ကူးစက်လွယ်တဲ့တီဘီရောဂါကို တုံ့ပြန်တိုက်ခိုက်မှုဟာ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့အတွက် ရောဂါရှာဖွေရေးနဲ့ကုသရေးတို့ကို ဒေသအနှံ့ဖြန့်ကျက်ကုသကြရမှာ အမှန်ပင်။ ဒါမှသာ ရောဂါကူးစက်မှုကို လျှော့ချပေးနိုင်မှာဖြစ်တဲ့အတွက် ကမ္ဘာ့တီဘီရောဂါ တိုက် ဖျက်ရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်အတိုင်း “တီဘီရောဂါကင်းဝေးဖို့၊ အားလုံးပူးပေါင်း ဆောင်ရွက်စို့ (Unite to End TB) ” လို့ တိုက်တွန်းလိုက်ရပါတယ်။