၂၀၁၆ ခုနှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလ၊ 9/11အကြမ်းဖက်မှု ၁၅နှစ်မြောက်အမှတ်တရနေ့တွင် သမ္မတလောင်းဟီလာရီကလင်တန်သည် ထိုအထိမ်းအမှတ်အခမ်းအနား တက်ရောက်စဉ် ရုတ်ရက်မူးဝေပြီး အခန်းအနားမှပြန်ခဲ့ရသောကြောင့် တိုင်းပြည်၏ နံပါတ် တစ်ခေါင်း ဆောင်ဖြစ်ရန် ရည်သန်နေသော သူ၏ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ စောကြောစရာဖြစ်ခဲ့ရ သည်။ သို့သော် ကမ္ဘာ့ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းကို ကြည့်လျှင် ခေါင်းဆောင်အတော်များများသည်သူတို့၏ရောဂါဘယကို စာဖွဲ့လောက်စရာမဟုတ်ဟု သဘောထားဟန်ရှိသည်။ သာမန်လူတို့က နာတာရှည်လူနာအဖြစ် တငြီးငြီးတငြူငြူဖြစ်နေမည့်ရောဂါမျိုးကို သူတို့က ဦးမညွတ်သည်ကိုတွေ့ရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စွမ်းစွမ်းတမံ အရှိခဲ့ဆုံးပုဂ္ဂိုလ်တစ်ဦးကား အမေရိကန်ပြည်သူတို့ အကြည်ညိုခဲ့ကြဆုံး၊ အားအကျခဲ့ဆုံး သမ္မတတဦးဖြစ်ခဲ့သူ ဂျွန်အက်ဖ်ကနေဒီ ပင်ဖြစ်သည်။ ကနေဒီ သည် ၁၉၆၀ ပြည့်နှစ်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့်ကာလတွင် အသက် ၄၃ နှစ်အရွယ်သာရှိခဲ့သေးသည်။ အများပြည်သူတို့အမြင်တွင် ကျန်းမာကြံ့ခိုင်သောလူရွယ်၊ နိုးကြွားတက်ကြွနေသောသူတယောက်ဖြစ်နေခဲ့သည်။ ထိုအသွင်ပေါက်နေအောင်လည်း ဂရုတစိုက်ပုံဖမ်းထားခဲ့သည်။ တကယ်တမ်းတွင် သူသည် ရောဂါဘယအတော်များများ ခံစားနေခဲ့ရသည်။ ထိုရောဂါဘယတို့ကို ကာကွယ်ဆေးဟန့်တားဆေး၊ ချေဖျက်ဆေးများသာမက ရောဂါဒဏ် ဆေးဒဏ်ခံသာအောင် ခန္ဓာကိုယ်အားဖြည့်ပဋိဇီဝဆေးများလည်း မှီဝဲနေခဲ့ရသည်။
ကနေဒီမှာ Addison ရောဂါ (ဟိုမုန်းစနစ် ချို့ယွင်းမှုရောဂါ) ရှိသည်ဟု ၁၉၆၀ ပြည့်နှစ်ရွေးကောက်ပွဲမဲဆွယ်ကာလတွင် သူ၏ပြိုင်ဘက်များက စွပ်စွဲခဲ့သည်။ ဤသည်ကို ကနေဒီ၏ မိသားစု ဆရာဝန်က ကနေဒီတွင် တီဘီရောဂါမှဆင့်ပွားအကျိုးဆက်ဖြစ်သော Addisonရောဂါသင့်နေခြင်း မရှိဟုသော ငြင်းဆိုချက်အား မည်သည့် Addison ရောဂါမှသင့်နေခြင်းမရှိဟု ငြင်းဆိုသည့်သဘော သက်ရောက်အောင်စကားလုံးကို အလိမ္မာကြွယ်စွာ အသုံးပြုခဲ့သည်။ သို့ဖြင့် ပြိုင်ဘက်များလည်း ကနေဒီတွင် Addison ရောဂါ မရှိဟု လက်ခံပြီး ထိုကိစ္စကို ဥပက္ခာ ပြုလိုက်တော့သည်။
သို့သော် တကယ်တမ်းတွင်မူ ကနေဒီတွင် အမျိုးအစား၂ Addison ရောဂါသင့်နေခဲ့သည်။ ထို အမျိုးအစားမှာ တီဘီကြောင့်မဟုတ်ဘဲ ကိုယ်ခံအားနည်းပါးခြင်းကြောင့်ဖြစ်သော Addison ရောဂါ ဖြစ်နေခဲ့သည်။ ထိုရောဂါကြောင့် ပန်းသေးပန်းညိုးခြင်း ၊မောပန်းခြင်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊အော့အန်ခြင်း၊ ကြွက်သားများ အားယုတ်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ ချွေးထွက်များခြင်း၊ ဒူးမခိုင်ခြင်း၊ အလိုမကျစိတ်များခြင်းများ ဖြစ်တတ်သည်။ ကနေဒီသည် နှစ်ကြိမ်မျှ လူသိရှင်ကြားခွေ လဲဖူးသည်။ တကြိမ်မှာမူ ဗြိတိန်နိုင်ငံသို့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ခရီးတစ်ခေါက်တွင်ဖြစ်သည်။ ထိုရောဂါကြောင့် ကနေဒီသည် သောက်ဆေးထိုးဆေး ဆယ်မျိုးခန့်ကို နေ့စဉ် နှစ်ကြိမ်မျှ မှီဝဲခဲ့ရသည်။
ပြင်သစ်သမ္မတ ဖရန်စ်ကွိုင်းစ် မစ်ထာရန်းသည် ၁၉၈၁ ခုနှစ်မှသည် ၁၉၉၅ ခုနှစ်အထိ သမ္မတ သက်တမ်း နှစ်သက်တမ်းဆက်တိုက် သမ္မတဖြစ်ခဲ့သည်။ သမ္မတရာထူးကို စွန့်လွတ်ပြီး တစ်နှစ်အကြာ ၁၉၉၆ခုနှစ်တွင်မူ သူသည် ကင်ဆာရောဂါဖြင့် သေဆုံးခဲ့သည်။ သို့သော် ကင်ဆာတို့ ထုံးစံအတိုင်း သူသည် ထိုရောဂါကို ကောက်ခါငင်ကာရ သေဆုံးခဲ့ခြင်း မဟုတ်ချေ။ သမ္မတအိမ်တော်ဖြစ်သော အလ်ဆီ နန်းတော်တွင် နေထိုင်စဉ်ကာလကတည်းကပင် ထိုရောဂါက တမြေ့မြေ့ဒုက္ခပေးနေခဲ့ သည်။
သို့သော် ထိုကိစ္စကို အများသူငါ မသိရှိစေရန် သူ၏သမားတော်ကြီးက ပိပိရိရိဖုံးကွယ်ထားခဲ့သည်။ သမ္မတကြီး ပြည်ပခရီးရောက်နေခိုက်၊ ဧည့်ဂေဟာတွင် တည်းခိုနေခိုက်တွင် ဆေးသွင်းရန်၊ ပုလင်းချိတ်ရန်လိုလျှင်ပင် သက်ဆိုင်ရာနိုင်ငံ၏အရာရှိများ မရိပ်မိစေရန် ဓာတ်ပုံချိပ်၊ အင်္ကျီချိပ်များကို အရေးပေါ်ချိပ်များအဖြစ် အသုံးပြုခဲ့ကြသည်။ ပြင် သစ်သံရုံးများတွင် တည်းခိုနေလျှင်ပင် ထိုသို့သော ဖုံးဖုံးကွယ်ကွယ်ပြုရပ်များဖြင့် လျှို့ဝှက်ထားခဲ့သည်။
တိုင်းပြည်ထိပ်တန်းခေါင်းဆောင် မဖြစ်ခင်ကတည်းကပင် ကိုယ့်ရောဂါကို တိုင်းသိပြည်သိဖြစ်သွားသည့် အနေကြုံခဲ့သူမှာ လက်ရှိဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်ထရီဆာမေ ပင်ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ ပြည်ထဲရေးဝန်ကြီးအဖြစ် သူ တာဝန်ထမ်းဆောင်နေခိုက် တနေ့တွင် သူ ပြင်းထန်စွာအအေးမိဖျားနာခဲ့ သည်။ သူ၏အမျိုးသားကဲ့သို့ပင် အအေးမိအဆုတ်နာဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်ထိုသို့ မဟုတ်ခဲ့ချေ။ သူ ဆီးချိုရောဂါအမျိုးအစား (၁)သင့်နေခဲ့ခြင်းဖြစ်ပြီး ထိုရောဂါ အကျိုးဆက်များခံစားနေခဲ့ရခြင်းဖြစ်သည်။ ထိုအတွက် တစ်နေ့လေးကြိမ် အင်ဆူလင် ထိုးခဲ့ရသည်။
” ဒီလိုဖြစ်သွားလို့ ငါတော့ ဘာမှမလုပ်နိုင်၊ မကိုင်နိုင်ဘူးလို့ မခံစားမိဘူးလို့ သိစေချင်တယ်” ဟု ထိုစဉ်ကာလ အင်တာဗျူးတစ်ခုတွင် သူ ပြောကြားခဲ့သည်။ “တကယ်တမ်းပြောရရင် လုပ်ချင်တာတွေ ပိုလို့တောင်လုပ်ဖြစ်လိုက်သေးတယ်။ ဥပမာ- ဆွစ်ဇလန်နိုင်ငံကို အပန်းဖြေခရီးသွားတော့ ကျွန်မ အမျိုးသားနှင့်ကျွန်မ တောင်တက်ခရီးတွေ ပိုလို့တောင် တက်လိုက်ခဲ့သေးတယ်။ ပိုပြီး လမ်းတွေလျှောက်ခဲ့သေးတယ်။ မလုပ်ဖြစ်မကိုင်ဖြစ်အောင် ဘာကမှ အဟန့်အတား မဖြစ်ပါဘူး။ ကျွန်မ အလုပ်ကျွန်မကောင်းကောင်းလုပ်နိုင်ပါတယ်။”
မှန်ပေသည်။ ယခု သူတဆင့်တက်၍ ဝန်ကြီးချုပ်လုပ်နေခြင်းကား တိုင်းပြည်ခေါင်းဆောင်တို့ သည် သူတို့၏ရောဂဘယကို ကိုယ်ရေးကိုယ်တာကိစ္စဟု သတ်မှတ်ပြီး တိုင်းရေးပြည်ရာတွင် ဝင်အရှုပ်မခံစေသည့် သာဓကဟုပင် ဆိုရပေမည်။
Author – နိုင်သစ်