“စိတ်ထောင်း၍ ကိုယ်ကြေ” ဟု ဆိုရိုးပြုကြသည်။ “စိတ်ဆောင်၍ အောင်သည်” ဟုလည်း ဆိုတတ်ကြ သည်။ ကိုယ်ကြေနေသည့်တိုင်အောင် စိတ်ဆောင်၍ အောင်မြင်အောင်ကြိုးစားခဲ့သူတစ်ဦးကို ပြပါဟု ဆိုလျှင် အမေရိကန်နိုင်ငံ၏ ၃၂ ဆက်မြောက် သမ္မတဖရန့်ကလင်းရုစဘဲ့လ်ကိုပင် ပြရပေမည်။ အမေရိ ကန်နိုင်ငံသားတို့သည် ဖရန့်ကလင်းရုစဘဲ့လ်အား သူတို့၏ အတော်ဆုံးသမ္မတသုံးဦးမှတစ်ယောက် အဖြစ် ဂုဏ်တင်တတ်ကြသည်။ ဂုဏ်တင်ထိုက်သည်ကလည်း အမှန်ပင်။
ရုစဘဲ့လ်သည် သူ၏နိုင်ငံရေး သက်၂၄ နှစ်တာကာလတွင် ဂိလာနဟုဆိုရလောက်အောင် ရောဂါဖိစီးမှု ခံနေခဲ့ရသည်။ သို့တိုင် သူသည် ဒုတိယကမ္ဘာစစ်ကာလအတွင်း အမေရိကန်နိုင်ငံအား ပီပြင်စွာ ခေါင်းဆောင်နိုင်စွမ်းခဲ့သည်။ မည်သူမှ သမ္မတသက်တမ်းနှစ်ခုထက် ပို၍သမ္မတအဖြစ်ထမ်းဆောင်ခွင့်မရှိဟု ပြဌာန်းထားသော အခြေခံဥပဒေကို ကျင့်သုံးသောနိုင်ငံတွင် လေးကြိမ်ဆက်တိုက်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
ရုစဘဲ့လ်သည် ၁၉၂၁ ခုနှစ်၊ အသက်၃၈နှစ်အရွယ်တွင် ပိုလီယိုရောဂါပြင်းထန်စွာခံခဲ့ရသည်။ ပိုလီယိုကြောင့် ခြေထောက်နှစ်ဘက်စလုံး ချိသွားခဲ့သည်။ ထိုနှစ်မတိုင်ခင် တစ်နှစ်တွင် သူသည် ဒီမိုကရက်ပါတီသမ္မတလောင်းဂျိမ်းစ်ကော့၏ တွဲဖက်ဒုသမ္မတလောင်းအဖြစ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။ ရောဂါက သူ၏နိုင်ငံရေးဘဝကို ခြိမ်းခြောက်ဟန်ရှိလာသည်။ သို့သော် ထိုသို့သူ အဖြစ်မခံ ခဲ့ချေ။ ၁၉၂၈ ခုနှစ်တွင် သူသည် နယူးရော့မြို့အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။ အနိုင်ရခဲ့သည်။ ၁၉၃၂ ခုနှစ်တွင်မူ သူသည် သမ္မတဟားဘတ်ဟုဒ်ကို အနိုင်ရပြီး နိုင်ငံတော်သမ္မတဖြစ်လာခဲ့သည်။ ထိုကာလမှသည် ၁၉၄၅ ခုနှစ် သူကွယ်လွန်သည့်အချိန်အထိ သမ္မတဖြစ်ခဲ့ သည်။
ရုစဘဲ့လ်သည် သူ့ဘဝတလျှောက်လုံး စီးကရက်ကို မီးခိုးမတိတ်စတမ်းသောက်ခဲ့သည်။ ထိုဒဏ်များကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ ပန်းနာရင်ကြပ်၊ ရင်ဘတ်နာရောဂါများ ဖိစီးလာခဲ့သည်။ သို့သော် သူ၏ဝေဒနာများကို လူမသိအောင် ဖုံးကွယ်ထားခဲ့သည်။ သူ၏သမားတော်ကိုယ်တိုင်က သူ့အတွက် လိမ်ပေးခဲ့သည်။ သမ္မတကြီး၏ကျန်းမာရေး”ဒေါင်ဒေါင်မြည်”ကောင်းသည်ဟု သဘောသက်ရောက်သောစကားကို ၁၉၄၄ခုနှစ်၊ ရွေးကောက်ပွဲကာလတွင် သတင်းထောက်များကိုပြောကြားခဲ့သည်။
ထိုမျှသာမကသေး သူ၏ယိုယွင်းနေသော ကျန်းမာရေးအခြေအနေကို အများပြည်သူမသိစေရန် ဆင်ဆာစနစ်ဖြင့် ချုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။ သို့သော် မည်သို့ပင် စိတ်ဆောင်နေခဲ့သည်ဆိုဆို အကြွင်းမဲ့ ချွတ်ခြုံကျနေသောသူ့ခန္ဓာကိုယ်ကို စိတ်က ကျားကန်ပေးနိုင်ခြင်း မရှိခဲ့တော့ချေ။ စတုတ္ထအကြိမ်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး နောက်တနှစ်တွင် ရုစဘဲ့လ်သည် ဦးနှောက်သွေးကြောပေါက်ပြီးကွယ်လွန်ခဲ့ရသည်။
တကယ်တမ်းပြောရလျှင် ဒုတိယကမ္ဘာစစ်ကို ရောဂါသည်တို့ စစ်ဦးစီးခဲ့ရာ စစ်တလင်းဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရုစဘဲလ့်ကဲ့သို့ပင် ဟစ်တလာသည်လည်း ရောဂါသည်ဖြစ်နေခဲ့သလို ဗြိတိသျှခေါင်းဆောင်ချာချီသည်လည်း ရောဂါသည်ဖြစ်နေခဲ့သည်။ သို့တိုင်အောင် ချာချီ၏ရောဂါဘယက အခြားနှစ်ယောက်လောက်တော့ မဆိုးခဲ့ချေ။
ချာချီသည် သူ့ဘဝတလျှောက်လုံး စိတ်ဖိစီးသည့်ရောဂါ၊ စိတ်ကျရောဂါတို့ ခံစားခဲ့သည်။ သို့သော်”Black Dog”ဟု သူတင်စားခေါ်ခဲ့သောသူ့ရောဂါက အဆန်းတကြယ် မဟုတ်ခဲ့ချေ။ ကြီးလေးသော တာဝန်များ ထမ်းဆောင်နေသူတိုင်း၊ လူများစွာကို ကြီးကြပ်ကွပ်ကဲနေသူတိုင်း ခံရလေ့ရှိသောရောဂါ ဘယမျိုးသာဖြစ်သည်။ “ထိုစိတ်ဖိစီးမှု၊ စိတ်ပန်းမှုကို ဝိုင်အရက်ဖြင့် မျောပစ်လိုက်လေ့ရှိသည်။ ဆေးပြင်း လိပ်ငွေ့တို့ဖြင့် ရှိုက်ထုတ်ပစ်လေ့ရှိခဲ့သည်” ဟု သူ၏စာအုပ် Painting as a Pastime (အပျင်းဖြေပန်း ချီ ဆွဲခြင်း) တွင် သူကိုယ်တိုင် ရေးသားခဲ့သည်။
သို့သော် ၁၉၄၁ ခုနှစ်၊ အိမ်ဖြူတော်သို့ ခရီးတခေါက်တွင် သူလေပြတ်သည့်ဝေဒနာ ခံစားခဲ့ရသည်။ ယင်းသည် သူ့ဘဝတလျှောက်ဖြစ်မည့် လေပြတ်မှု၊ လေဖြန်းမှု ၁၀ ကြိမ်၏ ပထမအကြိမ်ဖြစ်ခဲ့သည်။ နှစ်အနည်းငယ်အကြာတွင်မူ သူသည် အဆုတ်အအေးမိခဲ့သည်။ ရောဂါဒဏ် အမှန်တကယ်ပြင်းထန်လာခဲ့သည့်ကာလမှာ ၁၉၅၁ခုနှစ်မှ ၁၉၅၅ခုနှစ်ကာလအထိ သူ၏ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကာလတွင် ဖြစ်သည်။ ထိုကာလအား “ဝန်ကြီးချုပ်ရာထူးခံယူရန် မထိုက်သော ကျန်းမာရေးအခြေအနေ ရှိနေသည့်ကာလ”ဟု သူ၏သမားတော်များက သုံးသပ်ခဲ့ကြသည်။ သို့တိုင်အောင် “အသက်အရွယ် အိုမင်းပြီး နေ့နှင့်အမျှ ကျန်းမာရေးအခြေအနေ ပို၍ယိုယွင်းလာနေခဲ့သော”ချာချီသည် အိပ်ရာထက်မှပင်လျှင် တိုင်းရေးပြည်ရာတို့ကို ကွပ်ကဲမှုပြုခဲ့သည်။
၁၉၄၉ခုနှစ် အပန်းဖြေခရီးထွက်ခိုက်တွင် သူလေဖြတ်ခဲ့သလို ၁၉၅၃ခုနှစ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့်ကာလတွင် သူလေဖြတ်ခဲ့ပြန်သည်။ ကိုယ်တခြမ်းသေ၍ ရက်သတ္တပတ်အကုန်အထိပင် သက်ဆိုးရှည်ပါ့မလားဟု သမားတော်များက ဒွိဟဖြစ်နေချိန်တွင် ချာချီသည် သူ့ကျန်းမာရေး အခြေအနေကို ပိပိရိရိဖုံးကွယ်၍ ကက်ဘီနက်အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ သူလေဖြတ်ခဲ့သည့် ကိစ္စ၊ လေဖြန်းနေသည့်ကိစ္စတို့ကို ပါလီမန်လွတ်တော်ရော ပြည်သူလူထုပါ မသိအောင်ဖုံးကွယ်၍ “အလုပ်ပင်ပန်း နွမ်းလျနေသည်”ဟုသာ သက်ဆိုင်သူတို့က သတင်းထုတ်လွှင့်ခဲ့သည်။
၁၉၅၅ ခုနှစ်၊ ဝန်ကြီးချုပ်သက်တမ်းပြည့်၍ ရာထူးမှဆင်းပေးပြီး နောက်တနှစ်တွင် သူလေဖြတ်ခဲ့ပြန်သေးသည်။ သို့သော် နောက်ဆယ်နှစ်နီးပါးအကြာ ၁၉၆၅ခုနှစ်ကြာမှသာလျှင် သူ၏ရောဂါဘယများက သူ့ကို အနိုင်ရသွားခဲ့သည်။ ထိုနှစ် ဇန်နဝါရီလ ၂၄ရက်တွင် လေဖြတ်ပြီး နောက်ကိုးရက်အကြာတွင်ကွယ်လွန်သွားခဲ့သည်။
AUTHOR – နိုင်သစ်