မြန်မာနိုင်ငံနဲ့ Telehealth
ဆက်သွယ်ရေးကဏ္ဍအပေါ် ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာမိုဘိုင်းဖုန်းအသုံးပြုမှုဟာလွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းသိသိသာသာပဲတိုးတက်လာခဲ့ပါတယ်။ ပြည်ပမိုဘိုင်းအော်ပရေတာများကို လုပ်ကိုင်ခွင့် ပေးမှုနဲ့အတူ မြန်မာနိုင်ငံရဲ့မိုဘိုင်းအင်တာနက်အသုံးပြုမှုဟာလည်း တဟုန်ထိုးမြင့်တက်လာခဲ့ပါတယ်။ ကျေးလက်မြို့ပြမကျန်မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ လူငယ်လူကြီးအများစုဟာ စမတ်ဖုန်းယဉ်ကျေးမှုနဲ့ ယဉ်ပါး လာကြပြီး Facebookကဲ့သို့ လူမှုကွန်ယက်တွေကိုလည်း ပိုမိုအသုံးပြုတတ်လာကြပါတယ်။
ဒီအချက်ဟာ မြန်မာနိုင်ငံမှာTelehealth စနစ်ရှင်သန်ဖို့ရာအတွက် ရေခံမြေခံကောင်းလည်းဖြစ်လာပါတယ်။ Telehealth စနစ်ဟာ မြန်မာပြည်သူတွေအတွက်အနည်းငယ်စိမ်းနေနိုင်ပါသေးတယ်။ Telehealth ဆိုတာက အဝေးတစ် နေရာမှာရှိတဲ့လူနာတွေကိုသတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာတွေ အသုံးပြုပြီး ရောဂါရှာဖွေ ပေးခြင်း၊ ကုသပေးခြင်း၊ အကြံပြုဆွေးနွေးခြင်း၊ ပညာပေးခြင်းစတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပေးတဲ့ ပုံစံတစ်မျိုးဖြစ်ပါတယ်။ ဒီစနစ်ကို အကောင်အထည်ဖော်ရာမှာ အဓိကပုံစံ (၄) မျိုးရှိပြီး အဲဒီထဲကမှ mHealth လို့ခေါ်တဲ့ မိုဘိုင်းဖုန်းကို အသုံးပြုပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ Mobile Health က မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးစနစ် ဖြစ်ပါတယ်။
MHealth စနစ်
မိုဘိုင်းဖုန်းကိုအသုံးပြုပြီးကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ mHealthစနစ်ကို ဖော်ဆောင်ရာမှာ တိုက်ရိုက် ဖုန်းခေါ်ဆိုပြီးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်း၊ စာတို (SMS) ပို့ပြီးဆက်သွယ်ဆွေးနွေးခြင်းစတဲ့ နည်းလမ်း တွေကိုအသုံးပြုနိုင်ပေမယ့်မြန်မာနိုင်ငံမှာတော့လက်ရှိတွင်ကျယ်လျက်ရှိတဲ့ လူမှုကွန်ယက်ပေါ်ကတဆင့် မက်ဆေ့ခ်ျ ပေးပို့ဆွေးနွေးခြင်းနည်းလမ်းဟာ ကုန်ကျစရိတ်သက်သာပြီးပိုမိုထိရောက်မှုရှိနိုင်မှာ ဖြစ်ပါတယ်။
ပြည်သူများအနေနဲ့ သာမန်နေထိုင်မကောင်းဖြစ်တာကစပြီး ကျန်းမာရေးနဲ့ကိုက်ညီတဲ့ ရေရှည်နေထိုင် စားသောက်ရမယ့်ပုံစံတွေအထိပါ mHealth စနစ်ကိုအသုံးပြုပြီးမေးမြန်းပြောဆိုနိုင်ပါတယ်။ ဒါ့အပြင် မက်ဆေ့ခ်ျ ကို အသုံးပြုပြီးမေးမြန်းရတာဖြစ်တဲ့အတွက် အရှက်အကြောက်ကြီးတဲ့ မြန်မာလူမျိုးတွေအဖို့ ပြင်ပမှာ ဆရာဝန်နဲ့တိုက်ရိုက်မမေးမြန်းရဲတဲ့မျိုးဆက်ပွားကျန်းမာရေးကိစ္စများကိုလည်း mHealthစနစ်မှာမိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်များကိုဖော်ပြစရာမလိုဘဲ ပွင့်ပွင့်လင်းလင်း မေးမြန်းလာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအသိ၊ ကျန်းမာရေးဗဟုသုတတွေ တိုးပွားလာနိုင်ပြီး mHealth စနစ်ဟာ မြန်မာပြည်သူတွေရဲ့ လူမှုစီးပွားဘဝကိုလည်း တဖက်တလမ်းက တိုးတက်လာစေမှာလည်း ဖြစ်ပါတယ်။
ခေတ်မီကျန်းမာရေးသုံးကိရိယာများနှင့် Telehealth
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေထဲမှာ ဆက်သွယ်ရေးကဏ္ဍအပြင် တခြားသောကဏ္ဍများစွာလည်း ပါဝင်ပါ တယ်။ ထို့အတူ စီးပွားရေးဆိုင်ရာဖြေလျော့မှုတွေကိုလည်း ပြုလုပ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဖိတ် ခေါ်ခဲ့ကာလုပ်ကိုင်ခွင့်တွေ ပေးအပ်ခဲ့ပါတယ်။ ကျန်းမာရေးကဏ္ဍမှာလည်း နိုင်ငံတကာက ကျန်းမာရေးစောင့် ရှောက်မှုပေးတဲ့အဖွဲ့အစည်းတွေ၊ ကျန်းမာရေးသုံးပစ္စည်း ကိရိယာထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေ ပိုမို ဝင်ရောက်လုပ်ကိုင်လာကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ ကျန်းမာရေးသုံးကိရိယာများနဲ့ပတ်သက်လို့ နောက်ကျကျန်မနေဘဲ ခေတ်မီကျန်းမာရေးကိရိယာများကို ပိုမိုသုံးစွဲနိုင်လာပါတယ်။ ဒီလိုကျန်းမာရေးသုံး ကိရိယာတွေခေတ်မီတိုးတက်လာတာနဲ့အမျှ ပြည်သူတွေအနေနဲ့လည်း ယင်းကိရိယာတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ တိုးပွားသိရှိလာဖို့ လိုအပ်လာပါတယ်။
ပြည်သူတွေအနေနဲ့ Telehealth စနစ်ကို အသုံးပြုပြီး ကျန်းမာရေးသုံးကိရိယာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအချက်တွေကိုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ဥပမာအနေနဲ့ သာမန်ပြည်သူတစ်ယောက် အဖို့ အိမ်သုံး ECG စက်တစ်ခုက ထွက်လာတဲ့အဖြေကို ဖတ်ရှုရာမှာ အခက်အခဲရှိနိုင်ပါတယ်။ ပုံမှန်အရတော့ ဒါဟာ နီးစပ်ရာ ဆေးပေးခန်းမှာသွားရောက် ပြသမေးမြန်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ Telehealth စနစ်ကို အသုံးပြုပြီး အချိန်ကုန်သက်သာစွာနဲ့ရလဒ်အဖြေကိုမေးမြန်းလာနိုင်ပါတယ်။ အလားတူပဲ အိမ်သုံး Ultrasound စက်တွေ၊ ဆီးချိုသွေးချိုတိုင်းတာတဲ့ကိရိယာတွေ၊ သွေးပေါင်ချိန်တိုင်းတာတဲ့ ကိရိယာတွေနဲ့ တခြားခေတ်မီ ကိရိယာတွေရဲ့အသုံးပြုပုံ၊ ရလဒ်ဖတ်ရှုပုံစတာတွေကို Telehealth ကတဆင့် အလွယ်တကူမေးမြန်းလာနိုင်မှာ ဖြစ်ပါတယ်။
ကျန်းမာရေးသုံးကိရိယာတွေနဲ့ပတ်သက်ပြီး ဒီလိုလွယ်လင့်တကူသိရှိနိုင်ဖို့အတွက် လုပ်ဆောင်ရာမှာ ကျန်းမာရေးသုံး ကိရိယာထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းတွေအနေနဲ့ Telehealth စနစ်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ပြည်သူတွေအနေနဲ့ ကျန်းမာရေးသုံး ကိရိယာတွေနဲ့ ပတ်သက်တဲ့အကြောင်းအချက်တွေကို မေးမြန်းရာမှာ ဆရာဝန်တွေဘက်က မှန်မှန်ကန်ကန် တိ တိကျကျဖြေကြားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်တဲ့အတွက် ပြည်သူတွေရဲ့ကျန်းမာရေး အသိပညာကို တစ်ဖက်တစ်လမ်းက မြှင့်တင်ပေးနိုင်မှာဖြစ်သလို မိမိတို့ရဲ့လုပ်ငန်းပုံရိပ်ကိုလည်း မြင့်တက်စေ နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် Telehealth ၏ အနာဂတ်အလားအလာ
အထက်မှာဖော်ပြခဲ့တဲ့အတိုင်း မြန်မာနိုင်ငံအတွက် Telehealth စနစ်ကို စတင်အကောင်အထည်ဖော်ရာမှာ အသင့်တော်ဆုံးဖြစ်တဲ့ mHealth စနစ်ကပဲ စတင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အနာဂတ်မှာတော့ ပိုမိုထိရောက်တွင်ကျယ်နိုင်တဲ့ Telemedicine စနစ်ကို ကူးပြောင်းဆောင်ရွက်သင့်ပါတယ်။ အဲဒီလို ဖော်ဆောင် ရာမှာTelemedicine သုံး နည်းပညာမြင့် ကိရိယာတွေဖြစ်တဲ့ Telemedicine Cart ၊ Telemedicine Kiosk စတာတွေကိုလိုအပ်လာမှာဖြစ်ပါတယ်။ အဲဒီအခါမှာလည်း ကျန်းမာရေးသုံးကိရိယာထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေရဲ့ အခန်းကဏ္ဍဟာ ပိုမိုအရေးပါလာမှာဖြစ်ပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ အဘက်ဘက်မှာ နောက်ကျကျန်နေခဲ့တဲ့မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနှင့် အတူကဏ္ဍပေါင်းစုံကို ပြန်လည်ပြင်ဆင်လျက်ရှိပြီး ကျန်းမာရေးကဏ္ဍဟာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားတဲ့ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေး ပန်းတိုင်များ(Sustainable Development Goals (SDGs))ရဲ့ ပန်းတိုင် အမှတ်(၃) ဖြစ်တဲ့ “သက်ရွယ်မရွေး လူတိုင်းစေ့ကျန်းမာရေးနှင့်သာယာဝပြောရေး”ကို ပြည့်မီစေဖို့လည်း ကြိုးပမ်းဆောင်လျက်ရှိပါတယ်။ ဒါပေမဲ့ လည်း Universal Health Coverage လို့ခေါ်တဲ့ “လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်” ကို အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများစွာရှိနေပါသေးတယ်။
ဒီအခက်အခဲတွေကိုဖြေရှင်းကျော်လွှားနိုင်ဖို့အတွက် အဓိကလိုအပ်ချက်တွေဖြစ်တဲ့ ကျန်းမာရေးလုပ် သားအင်အား၊ ငွေကြေးကုန်ကျမှု စတာတွေကို Telehealth စနစ်ကို အသုံးပြုပြီး အထိုက်အလျောက် လျှော့ချနိုင်ပါတယ်။ ဒါကြောင့် Telehealth စနစ်ကို အကောင်အထည်ဖော်ရာမှာ လွယ်ကူမြန်ဆန်စေရေး အတွက် သက်ဆိုင်ရာကဏ္ဍအလိုက်လုပ်ငန်းများ (အထူးသဖြင့် ကျန်းမာရေးနှင့် ပတ်သက်သည့်လုပ်ငန်းများ) ရဲ့ပူးပေါင်းပါဝင်မှုဟာ လွန်စွာလိုအပ်လျက်ရှိကြောင်း တင်ပြလိုက်ရပါတယ်။