International Labour Organization (ILO) ရဲ့ ထုတ်ပြန်ချက်တွေအရ တစ်ကမ္ဘာလုံး ၁၅ စက္ကန့် တိုင်းမှာ အလုပ်သမား ၁၅၃ ယောက် လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုတွေကို ရင်ဆိုင် နေရသလို နေ့တိုင်း လူ ၆,၃၀၀ ဟာ အလုပ်နဲ့ဆက်စပ်နေတဲ့ ထိခိုက်မှုတွေ၊ ရောဂါဘယတွေ ကြောင့် သေဆုံးမှုတွေ ရှိနေဆဲပါ။ အလုပ်သမားတွေထိခိုက်မှု၊ ရလာတဲ့ရောဂါတွေ ကုသရခြင်းကြောင့် နှစ်စဉ်ကျန်းမာရေးစရိတ် ဒေါ်လာဘီလီယံ ၁၃၀ မျှ ကုန်ကျရတယ်လို့ နိုင်ငံတကာသုတေ သီတွေက ဆိုထားပါတယ်။ အဲဒီအဖြစ်အပျက်တွေရဲ့ အကျိုးဆက်ရလဒ်ကတော့ လုပ်ငန်းခွင်ပျက် ကွက်မှုအထိ သက်ရောက်သွားခဲ့သလို ကုန်ထုတ်လုပ်မှုစွမ်းအားတွေ လျော့ကျလာလေ စီးပွား ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခက်အခဲတွေ ပိုရှိလာလေပါပဲ။
မြန်မာနိုင်ငံမှာလည်း အရင်ခေတ်တွေက ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးကို အကောင်အထည်ဖော်နိုင်တာ အားနည်းခဲ့တာကို တွေ့ရပါတယ်။ ပြောင်း လဲသွားတဲ့နိုင်ငံရေးစနစ်ကြောင့် ဈေးကွက်စီးပွားရေးစနစ်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င် ရောက်လာတဲ့အခါ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ဖက်စပ်လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေမှာ Safety ကို အရေးကြီးတဲ့ကဏ္ဍတစ်ရပ်အနေနဲ့ ထည့်သွင်းတောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။
လုပ်ငန်းခွင်တွင်းမှာဘေးအန္တရာယ်ဖြစ်စေတဲ့ အဓိကအချက်နှစ်ချက်ကတော့ ပထမတစ်ခုကတော့ လုပ်သားထုကို ဘေးအန္တရာယ်ဖြစ်စေမယ့် ထိခိုက်ဒဏ်ရာရရှိစေမယ့်ဆောင်ရွက်မူမျိုးတွေ (Unsafe Act) ဖြစ်ပါတယ်။ ဥပမာ – လုပ်ငန်းခွင်တွင်း PPE (Personal Protective Equipment) တစ် ကိုယ်ရေသုံးဘေးအန္တရာယ်ကာကွယ်ရေးပစ္စည်းသုံးစွဲမှု လုံလောက်မှု မရှိတာမျိုး၊ ချွတ်ယွင်းချက်ရှိ နေတဲ့စက်ပစ္စည်းကို အသုံးပြုနေတာမျိုးတွေ ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ Unsafe Condi- tionsပါ။ ဒါကတော့ လုပ်သားထုလုပ်ကိုင်နေတဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်ရဲ့ အနေအထား Working conditions ကို အဓိကထားပြီး ပြောတာဖြစ်ပါတယ်။ ဥပမာ – လေ၀င်လေထွက် မကောင်းတဲ့နေရာမှာ လုပ်ကိုင်ရတဲ့အခြေအနေမျိုးတွေကို ဆိုလိုတာဖြစ်ပါတယ်။
“ကျွန်မတို့ လက်ရှိအခုအချိန်ထိသွားနေတဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုတာ အခြေခံကျတဲ့လုပ်သားထုဆီ ကျယ်ကျယ်ပြန့်ပြန့် မရောက်သေးပါဘူး။ ဒီအတွက် ကျယ် ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်သေးရင်တောင် Safety Awareness လုပ်ငန်းခွင်တွင်းဘေး အန္တရာယ်ကင်းရှင်းရေးဟာ အရေးကြီးကြောင်းအသိလေးနဲ့ သက်ဆိုင်ရာထုတ်ပြန်ထားတဲ့ ဘေး အန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ Guideline လောက်တော့ လိုက်နာနိုင်ဖို့ စီစဉ်ပေး စေချင်ပါတယ်” လို့ Global Enchanting Safety and Management Training Centre ရဲ့ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ ဒေါ်ခင်ဆွေဝင်းကိုက သူ့အမြင်ကို ပြောထားပါတယ်။
ဆက်လက်ပြီး “လုပ်ငန်းခွင်အတွင်း ထိခိုက်နစ်မှုတွေကြုံလာတဲ့အခါမျိုးမှာ လုပ်သားရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ လောလောဆယ်မှာ ၁၉၂၃ ခုနှစ် Compensation Act အရ ထိခိုက်နစ်နာ ကြေးဟာ နည်းနေပါသေးတယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်၊ Social Security Law အရ လူမူဖူလုံရေး ကြေးပေးသွင်းထားရင်တော့ လုပ်သားထုအနေနဲ့ ထိုက်သင့်တဲ့ခံစားခွင့်ရရှိမှာပါ။ အလုပ်ရှင်ဘက် ကတော့ Social Security အရရရှိမယ့်နစ်နာကြေးအပြင် ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အလုပ်သ မားမှာ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးသွားခဲ့တာ၊ အလုပ်ရပ်စဲလိုက်ရတာနဲ့စာရင် တခြားအဆင်ပြေမယ့်ဌာနတစ်ခုခုမှာ အလုပ်လုပ်နိုင်ဖို့ ပြောင်းရွှေ့ပေးဖို့၊ Permanent Incapacity ဖြစ်ခဲ့ လို့ အလုပ်မလုပ်နိုင်တော့ဘူးဆိုရင်လည်း ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် နောက်ပိုင်းမှာတာ့ ကျန်းမာရေးအာမခံအထိ ထားပေးမယ်လို့” သူက မျှော်လင့်ထားပါတယ်။
Safety ပိုင်းမှာဆိုရင်တော့ ၂ ပိုင်း ခွဲထားတာကတော့ Occupational Accident နဲ့ Occupational Disease ဆိုပြီးတော့ ရှိပါတယ်။ Occupatinal Disease ဆိုတာက ဘာလဲဆိုတော့ လုပ်ငန်းခွင် ကြောင့်ဖြစ်ပေါ်လာတဲ့ရောဂါလို့ အဓိပ္ပာယ်မှတ်ယူရပါမယ်။ နိစ္စဓူဝလုပ်ဆောင်နေတဲ့ လုပ်ငန်းခွင် မှာရှိတဲ့ အန္တရာယ် ဖြစ်နိုင်ချေရှိမှု၊ ရောဂါဖြစ်နိုင်ချေရှိမှုတွေကို နေ့စဉ်ထိတွေ့လာတဲ့အခါမှာ ထို အလုပ်သမားရဲ့ကျန်းမာရေးကို ထိခိုက်မှုဖြစ်လာတယ်လို့ အကျဉ်းဖျဉ်းအားဖြင့် သတ်မှတ်လို့ရပါ တယ်။
Nordic Tele Services မှာ Office & HSSE Manager အဖြစ် လုပ်ကိုင်နေတဲ့ ဒေါက်တာဖြိုးသက်နိုင်ကလည်း “ပြောရရင်တော့ Occupational Disease အပိုင်းမှာ အရမ်းအားနည်းနေသေးတာကို တွေ့ရမယ်ဗျ။ Occupational Disease က ယခုချက်ချင်း လက်ငင်းချည်း ထဖြစ်တာမျိုး မဟုတ် ဘဲ နောင်တစ်ချိန်အချိန်ကြာမှ ဖြစ်တဲ့အတွက်ကြောင့် ထိရောက်တဲ့လုပ်ဆောင်မှုဆိုတာ ဝေးစွ၊ တချို့လုပ်ငန်းခွင်တွေမှာ သတိကို မထားမိကြတာများပါတယ်။ ဥပမာအနေနဲ့ ငွေစာရင်းဌာနမှာ အလုပ်လုပ်နေတဲ့စာရင်းကိုင်လေးတွေက ပိုက်ဆံတွေကို ကိုင်တွယ်ရတယ်၊ ရေတွက်ရတယ်။ ဒါပေမဲ့ သူတို့က လက်ကို ခဏခဏ ဆေးသလား။ သိတဲ့အတိုင်း ပိုက်ဆံဆိုတာ လူတကာကိုင်တွယ်နေတဲ့အရာတွေ၊ ဒါကြောင့် သတိထားမိရင် ထားမိမှာပါ။ ဘဏ်တွေမှာ ဘဏ်ဝန်ထမ်းတွေဟာ နှာခေါင်းစည်းလေးတွေနဲ့ အလုပ်လုပ်နေကြတာတွေဟာ ကာကွယ်မှုယူနေကြတာပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ထို့အတူ ကုမ္ပဏီတွေက တချို့ထိုင်ခုံတွေဟာ ထိုင်မည့်အရပ်နဲ့ ညှိလို့ရတဲ့ ထိုင်ခုံတချို့ စီစဉ်မပေး နိုင်တာ၊ အဲဒီလိုနေရာတွေမှာ အလုပ်လုပ်ရမယ့်ဝန်ထမ်းနဲ့ မကိုက်ညီတဲ့အခါမှာ ၀န်ထမ်းမှာ ဇတ် ကြောတက်တာ၊ ညောင်းညာတာ၊ ခါးနာတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကလည်း အခုထိုင် အခုဖြစ်တာမျိုးမဟုတ်တဲ့အတွက်ကြောင့် Occupational Disease လို သတ်မှတ်လို့ ရပြန်ပါသေးတယ်လို့ သူက ရှင်းပြပါတယ်။
“ဒါတွေကို ကျနော် အမြဲတမ်းပြောတဲ့ စကားလိုပါပ။ဲ Know and Prevent the Accident ဆိုသလို သိရှိမှ ကာကွယ်လို့ရမှာဖြစ်တဲ့အတွက် အရင်ဆုံးမိမိတို့လုပ်ငန်းခွင်မှာ ဘာတွေက Occupational Accident တွေလဲ၊ ဘာတွေကတော့ဖြင့် Occupational Disease တွေလည်းဆိုတာ သိအောင် ကြည့်ရပါမယ်။ ကြည့်ပြီး သိမှ ဘယ်လိုကာကွယ်မလဲဆိုတာကို ဆက်သွားလို့ရမှာပါ။ ဒါမှ နောက်ဆုံး ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တဲ့ အန္တရာယ်ကင်းရှင်း၍ ကျန်းမာရေးနှင့် ပြည်စုံသော လုပ်ငန်းခွင်ဖြစ်ပေါ်လာမှာပါ” လို့ တိုက်တွန်းပြောဆိုပေးထာပါတယ်။
အင်န်အယ်လ်ဒီအစိုးရသစ် သက်တမ်းအတွင်း ၀န်ကြီးဌာနတိုင်းဟာ အနှစ်သာရရှိတဲ့ တွေးခေါ်မှု ပုံစံများဖြင့် စတင်ပြောင်းလဲနေသည်ကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်ကဏ္ဍအတွက် ပြောင်းလဲမှုအနေနဲ့ ပြောရမယ်ဆိုရင် ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေမူကြမ်းထွက်ရှိလာခဲ့ပါတယ်။ အဆိုပါ ဥပဒေဟာ ဒီနှစ်အတွင်းထွက်ရှိလာနိုင်မယ်လို့ မျှော်လင့်ထားပြီး ပြည်သူ့လွှတ်တော်ကိုလည်း တင်ပြထားပြီး ဖြစ်ပါတယ်။
ယင်းဥပဒေကို အခန်း ၁၇ ခန်းနဲ့ ရေးဆွဲထားပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာ ရေးကော်မတီဖွဲ့စည်းခြင်းနဲ့ ကျန်းမာရေးအရာရှိတွေ ခန့်အပ်တာဝန်ပေးခြင်း၊ စစ်ဆေးရေး အရာရှိ ခန့်အပ်ခြင်းနဲ့ သူတို့ရဲ့လုပ်ငန်းတာဝန်များ၊ အလုပ်ရှင်နဲ့ အလုပ်သမားတို့ရဲ့ တာဝန်များ၊ မတော် တဆထိခိုက်မှု၊ လုပ်ငန်းခွင်အဆိပ်သင့်မှုနဲ့ ရောဂါဖြစ်ပွားမှုများ အကြောင်းကြားခြင်း၊ စုံစမ်းစစ် ဆေးခြင်းနှင့် အစီရင်ခံခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ မတော်တဆ ထိခိုက်မှုကာကွယ်ရေးလုပ်ငန်းများ စီမံခန့်ခွဲခြင်းစတာတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။
အဆိုပါဥပဒေ ထွက်လာရင် “ ဒီဥပဒေက အားလုံးကိုလွှမ်းခြုံတဲ့ဥပဒေလို့ ပြောလို့ရပါတယ်။ အလုပ် ရှင်၊ အလုပ်သမားတွေရဲ့လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းဖို့ ဆောင်ရွက်တာဟာ ဥပဒေရဲ့ ထူးခြားချက်ပါ။ အရင် ၁၉၅၁ အလုပ်ရုံများအက်ဥပဒေထဲမှာကျတော့ ဘေးအန္တရာယ်နဲ့ပတ်သက်တဲ့အချက်တွေတော့ပါတယ်။ ဒါပေမဲ့ သီးခြားဥပဒေတော့ မရှိဘူးပေါ့။ ပြီးတော့ စက်မှုလက်မှု ဝန်ကြီး ဌာနလောက်ပဲ အဲဒီဥပဒေမှာ အကျုံးဝင်တာ။ ကျန်သက်ဆိုင်တဲ့ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့ သတ္တု တွင်းတို့ ဒါတွေအကျုံးမဝင်ဘူး။ အဲဒီလို အခက်အခဲမျိုးရှိတာပေါ့။ အခု ဒီဥပဒေကျတော့ သက်ဆိုင် ရာ ဦးစီးဌာနတွေက နည်းဥပဒေဆွဲခွင့်ရှိတယ်။ ပြီးတော့မှ ဒီဥပဒေက ကြီးကြပ်မှာ” လို့ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ဆိုထားပါတယ်။
သက်ဆိုင်ရာဝန်ကြီးဌာနပိုင်းက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးအတွက် အသိပညာပြန့်ပွားရေးအတွက် သင်တန်းကျောင်းတွေ ဖွင့်လှစ်ခွင့်ပေးတာ၊ ILO အဖွဲ့အစည်းတွေနဲ့ Seminar တွေပြုလုပ်တာ၊ ဥပဒေရေးဆွဲတာ၊ စက်မူဇုန်ရှိ စက်ရုံအလုပ်ရုံတွေမှာ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲတွေ ပြုလုပ်ပေးတယ်လို့ သိရပါတယ်။ ၂၀၁၃ ခုနှစ်မှာ ASEAN OSHNET (ASEAN Occupational Safety and Health Network) ရဲ့ ၁၄ ကြိမ်မြောက် C ordination Board Meeting ကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့တာ၊ မနှစ်က အလုပ်ရုံဌာနရဲ့ အားပေးမူနဲ့ ASEAN OSHNET Excellence Award and Best Practice Award ဆုကို ပြည်တွင်းက လုပ်ငန်းတွေ ဆွတ်ခူးခဲ့တာ၊ ယခုနှစ် ဧပြီလ (၂၈) ရက်မှာ World Safety Day ကို ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ ကျင်းပနိုင်ခဲ့တာတွေကတော့ အားရစရာပါ။
(၁၂၇)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားမှာ ရန်ကုန်တိုင်း ဒေ သကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းကလည်း “အလုပ်သမားထုတွေရဲ့ဘ၀တွေ မြင့်မားတိုးတက်လာမှ ကျွန်တော်တို့နိုင်ငံဟာ တိုးတက်လာတယ်လို့ ပြောလို့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ ပြုပြင်ပြောင်းလဲမှုတစ်ရပ် စတင်နေတဲ့အခြေအနေတွေမှာ အားလုံးအခက်အခဲရှိပါတယ်။ အလုပ်ရှင်ဘက်ကလည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခုအချိန်ကျမှ လုပ်ငန်းတွေကို စတင်ဆောင်ရွက်ကြတဲ့အခါမှာ အခက်အခဲတွေရှိပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ဆက်သွယ် ဆောင် ရွက်ကြတဲ့အတွက် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် ကြိုးပမ်းဆောင်ရွက်ကြရတဲ့နေရာမှာ အခက်အခဲတွေ ရှိပါတယ်” ဟု ပွင့်လင်းစွာ ပြောဆိုထားပါတယ်။
ဒီနေရာမှာ သတိပြုစေချင်တာကတော့ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းမှု၊ ကျန်းမာစွာ လုပ်ကိုင်နိုင်ဖို့အတွက် လက်သည်ချည်းပဲ အားကိုးလို့မရသလို အားလုံးက ၀ိုင်းဝန်းပံ့ပိုးပေးဖို့ လို အပ်ပါတယ်။ အလုပ်ရှင်ရော အလုပ်သမားတွေမှာ တာဝန်ရှိသလို အလုပ်ရှင်က အဓိကတာဝန် ဖြစ်တဲ့လုပ်ငန်းခွင်တွင်း ဘေးအန္တရာယ်ကင်းရှင်းမူကို ဆောင်ရွက်ရမှာ ဖြစ်သလို အလုပ်သမားတွေ အနေနဲ့လည်း ထုတ်ပြန်ထားတဲ့ဘေးအန္တရာယ်ရေးဆိုင်ရာအချက်အလက်နဲ့ စည်းကမ်းတွေကို သေချာစွာလိုက်နာရမှာ ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ နေရာအနှံ့မှာ တွေ့နေရတုန်းဖြစ်တဲ့ Safety First ဆိုတဲ့ ဆိုင်းဘုတ်လေးတွေအတိုင်း ကျန်းမာဘေးကင်းစွာနဲ့လုပ်ဆောင်နိုင်ဖို့၊ လုပ်ငန်းရှင်တွေဘက်ကလည်း ဘေးအန္တရာယ်ကင်းရှင်း ရေးနဲ့ အလုပ်သမားထုရဲ့ ကျန်းမာရေးကဏ္ဍကို ဦးစားပေးပြီးမှ လုပ်ကိုင်စေချင်ပါတယ်လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။
AUTHOR – ဥက္ကာအေးကျော်