Universal Health Coverage (UHC) Day 2016
လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် (UHC) အကြောင်း သိကောင်းစရာများ
လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် (UHC) ဆိုသည်မှာ အဘယ်နည်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကမ္ဘာ့ဘဏ်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် (UHC) ဆိုသည်မှာ “လူသားတိုင်းသည် အရည်အသွေးမီ ကျန်းမာရေး စောင့်ရှောက်မှုများ ကို ငွေကြေးအခက်အခဲ ကြုံတွေ့မှုမရှိပဲ ရယူနိုင်ခြင်း” ဟု ဖြစ်သည်။ UHC သည် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးပန်းတိုင်များ (Sustainable Development Goals (SDGs)) ၌ပါဝင်သော ပန်းတိုင်အမှတ် (၃) (Goal 3) “သက်ရွယ်မရွေး လူတိုင်းစေ့ကျန်းမာရေးနှင့် သာယာဝပြောရေး” တွင် လျာထားချက် တစ်ခုအနေဖြင့် ပါဝင်သည်။
UHC ဆိုင်ရာ သိကောင်းစရာ အချက်အလက်များ
- ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအားလုံးသည် ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးပန်းတိုင်များ (SDGs) ၏ အစိတ်အပိုင်း တစ်ရပ် အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် (UHC) ကို ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပြီးဖြစ်သည်။
- UHC သည် အရည်အသွေးပြည့်မီသော အရေးကြီးကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်စေရန်၊ ဘေးကင်းပြီး ထိရောက်မှုရှိသော အရေးကြီးဆေးဝါးများနှင့် ကာကွယ်ဆေးများကို လက်လှမ်းမီ ရရှိနိုင်စေရန်နှင့် ငွေရေးကြေးရေး အခက်အခဲမှ ကာကွယ်ပေးရန် စသည်တို့အတွက် ရည်ရွယ်သည်။
- ကမ္ဘာ့လူဦးရေ၏ အနည်းဆုံး သန်း ၄၀၀ ခန့်သည် တစ်ခု (သို့) တစ်ခုထက်ပိုသော အရေးကြီးကျန်းမာရေး စောင့်ရှောက်မှုများ ကို ရရှိခြင်း မရှိကြပေ။
- ကျန်းမာရေးစောင့်ရှောက်မှုအတွက် အသုံးပြုရသော ငွေကြေးစိုက်ထုတ်ကုန်ကျစရိတ်များကြောင့် နှစ်စဉ် လူဦးရေ သန်း ၁၀၀ ခန့်သည် ဆင်းရဲတွင်းသို့ တွန်းပို့ခံနေရပြီး လူဦးရေ သန်း ၁၅၀ ခန့်သည် ငွေကြေးဆိုင်ရာ အခက်အခဲကို ကြုံတွေ့ခံစားရလျက်ရှိသည်။
- ပျမ်းမျှအားဖြင့် နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေးအသုံးစရိတ်တွင် ၃၂ % ခန့်သည် လူနာများ၏ ငွေကြေး စိုက်ထုတ်ကုန်ကျစရိတ်များ (out-of-pocket payments) မှဖြစ်ကြသည်။
- ကျန်းမာရေးစောင့်ရှောက်မှုများ တန်းတူညီမျှစွာ ရရှိစေရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ များအပေါ် ဘဏ္ဍာငွေသုံးစွဲမှု၊ စီမံခန့်ခွဲမှုတို့တွင် အသွင်ကူးပြောင်းရန် လိုအပ်သည်။ သို့မှသာ ကျန်းမာရေး စောင့်ရှောက်မှုများသည် ပြည်သူလူထု၏ လိုအပ်ချက်များအပေါ် ဗဟိုပြုနိုင်မည်ဖြစ်သည်။
- ဝင်ငွေနည်းပါးသော နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ် ရှိသော နိုင်ငံများ၏ လိုအပ်ချက်များကြောင့် ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးပန်းတိုင်များ (SDGs) နှင့် UHC လျာထားချက်များကို ပြည့်မီစေရေးအတွက် ၂၀၃၀ ပြည့်နှစ် မတိုင်မီအထိ ကျန်းမာရေး လုပ်သားပေါင်း ၁၈သန်းခန့် ထပ်မံလိုအပ်မည်ဖြစ်သည်။
လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ဖော်ဆောင်ရန်အတွက် အခြေခံလိုအပ်ချက်များ
- ကျန်းမာရေးဆိုင်ရာ ဘဏ္ဍာငွေသုံးစွဲမှု
- ကျန်းမာရေး လုပ်သားအင်အား
- အရေးကြီးဆေးဝါးများနှင့် ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်များ
- ကျန်းမာရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များနှင့် သတင်းအချက်အလက်စနစ်များ
- နိုင်ငံတော်အဆင့် ကျန်းမာရေးဆိုင်ရာ မူဝါဒများ
- ကျန်းမာရေးစောင့်ရှောက်မှုများ ဖြန့်ဝေပေးရေးနှင့် ဘေးကင်းလုံခြုံမှုရှိရေး
လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် အထိမ်းအမှတ်နေ့ (၂၀၁၆ )
နေရာဒေသမရွေးရှိ လူသားတိုင်းအား လက်လှမ်းမီနိုင်သော အရည်အသွေးပြည့်မီသည့် ကျန်းမာရေး စောင့်ရှောက်မှုကို ထောက်ပံ့ပေးနိုင်ရေးအတွက် ကုလသမဂ္ဂနိုင်ငံများ၏ ပထမဦးဆုံးသော သဘောတူညီ ဆောင်ရွက်ချက် ဖြစ်သည့် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်၏ အထိမ်းအမှတ်နေ့ကို နှစ်စဉ် ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ကျင်းပလေ့ရှိသည်။
ယခု ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တတိယအကြိမ်မြောက် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် အထိမ်းအမှတ်နေ့ကို ကမ္ဘာတဝှမ်းလုံး၌ ကျင်းပမည်ဖြစ်ပြီး လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်နှင့် ပတ်သက်သည့် တိုးတက်မှုများကို ဆွေးနွေးဖလှယ် သွားမည်ဖြစ်သည်။ ယခုနှစ် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် အထိမ်းအမှတ်နေ့၏ ခေါင်းစဉ်မှာ “လူတိုင်းအတွက် ကျန်းမာရေး” (“health for all”) ဖြစ်သည်။ Rockefeller ဖောင်ဒေးရှင်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)၊ ကမ္ဘာ့ဘဏ်နှင့် Oxfam စသည့် နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင် ရာနှင့်ချီသော ပူပေါင်းပါဝင်သည့် အဖွဲ့များသည် ဤအစပြုကြိုးပမ်းဆောင်ရွက်မှု၌ ပါဝင်ကြပြီး လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှတဆင့် ကျန်းမာရေးကဏ္ဍအတွက် အကောင်းဆုံး နည်းလမ်းကို ရယူနိုင်ရန် သဘောတူညီခဲ့ကြသည်။
လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်နှင့် mHealth တို့၏ ဆက်နွယ်မှု
mHealth ဆိုသည်မှာ မိုဘိုင်းဖုန်းနှင့် ကြိုးမဲ့နည်းပညာကို အသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုပေးသော စနစ် ဖြစ်သည်။ mHealth ၏ အဓိကအားသာချက်များထဲမှ တစ်ခုမှာ လူနာသည် မိုဘိုင်းဖုန်းမှတဆင့် ဆရာဝန်နှင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ခြင်းဖြစ်ပြီး ယင်းအချက်သည် သွားလာရေးခက်ခဲသော ဒေသများမှ လူနာများအတွက် များစွာအကျိုးရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် မိုဘိုင်းဖုန်းမှတဆင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများကို ပြုလုပ်ပေးနိုင်သောကြောင့် ပြည်သူလူထု (အထူးသဖြင့် ကျေးလက်နေပြည်သူများ) ၏ ကျန်းမာရေးအသိရေချိန်ကို တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် mHealth သည် UHC ကို အကောင်အထည်ဖော်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးနိုင်မည်ဖြစ်ပြီး အထူးသဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအသုံးစရိတ်ကို လျော့နည်းစေနိုင်မည်ဖြစ်ကာ ကျန်းမာရေးလုပ်သား လိုအပ်ချက် ကိုလည်း အတိုင်းအတာတစ်ခုထိ လျော့ပါးစေနိုင်မည်ဖြစ်သည်။