ဆင်းရဲမွဲတေမှုကို တိုင်းတာရာတွင် အစားအစာ၊ ရေ၊ အ၀တ်အစားစတဲ့ ဘ၀အခြေခံလိုအပ်ချက်တွေပေါ်မှာ ကြည့်ပြီး သတ်မှတ်ကြပါတယ်။ ၀င်ငွေရဲ့ ၇၅ ရာခိုင်နှုန်းထက်ကျော်လွန်ပြီး အစားအစာအတွက် အသုံး ပြုပါက Ultra poverty ဟု ခေါ်ဆိုကြတယ်။ ဒါပြင် အစား အစာ၊ ရေ၊ အ၀တ်အစားစတဲ့ အခြေခံလိုအပ်ချက်တွေအတွက် ၀င်ငွေ မပြည့်စုံတဲ့အခြေအနေကို Primary Poverty လို့ ခေါ်ဆိုတယ်။ အခြေခံလိုအပ် ချက်တွေကို ဖြည့်ဆည်းနိုင်တဲ့ဝင်ငွေရှိနေသော်လည်း ပြည့်ပြည့်၀၀ အကျိုးရှိအောင် အသုံးမပြုတာကတော့ Secondary Poverty ဖြစ်ပါတယ်။ Secondary Poverty လို့ပြောရာတွင် ဆေးလိပ်၊ အရက်၊ ဘီယာစတာတွေမှာ ၀င်ငွေကိုအသုံးပြုလိုက်တဲ့အတွက် ကိုယ့်ရဲ့အခြေခံလိုအပ်ချက်တွေကို မဖြည့်ဆည်း နိုင်တော့တဲ့အခြေအနေကို ဆိုလိုတာလည်း ဖြစ်ပါတယ်။
ဆင်းရဲတဲ့နိုင်ငံတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အမျိုးသားကျန်းမာရေးအာမခံစနစ်မှာ ဖွံ့ဖြိုးတိုးတက်မှု မရှိသလောက်ကို အားအင်ချိနဲ့နေတုန်းပါ။ Lower Middle Income Countries ၄၈ နိုင်ငံကို လေ့လာ ချက်အရ ဆေးလိပ်သောက်နှုန်းက ဆင်းရဲတဲ့အမျိုးသာတွေက ပိုမိုများပြားနေပြီး ချမ်းသာတဲ့အမျိုးသားတွေ ထက် ၂.၅ ရာခိုင်နှုန်း ပိုသောက်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားပါတယ်။ ဒီလိုအခြေအနေတွေ မှာ ဆေးလိပ်သောက်သုံးမှု၊ ဆေးရွက်ကြီးသုံးစွဲမှုတွေမှာ ငွေကြေးပိုမိုသုံးစွဲလိုက်ရတဲ့အတွက် အခြေခံလို အပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ အစားအစာ ဖြည့်တင်းရေးအပိုင်းမှာ ငွေကြေးသုံးစွဲမှု လျော့ချသုံးစွဲရမှာက အမှန်ပင်။ နာမကျန်းဖြစ်ပါက ကျန်းမာရေးအသုံးစရိတ်အတွက် ငွေကြေးလိုအပ်လာမှာဖြစ်တဲ့အပြင် ဆင်းရဲ မွဲတေမှုအဆင့်ကနေ မကျော်လွန်နိုင်တာဟာ ကြီးမားတဲ့လူမှုပြဿနာတစ်ရပ်ပင်ဖြစ်တယ်။
ဆေးလိပ်သောက်မှုနဲ့ အခြားသောဆေးရွက်ကြီး အသုံးပြုမှုတွေကြောင့် တစ်နှစ်လျှင် သေဆုံးသူ ခုနစ်သန်း ကျော် ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြီးခဲ့တဲ့လပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ ထိုထုတ်ပြန် ချက်ထဲမှာ ဆေးရွက်ကြီးထုတ်လုပ်မှု၊ ဖြန့်ချိမှုနဲ့ စွန့်ပစ်ပစ္စည်းတွေက သဘာဝပတ်ဝန်းကျင်အပေါ် ကြောက် မက်ဖွယ်သက်ရောက်မှုရှိစေတဲ့အကြောင်းတွေကိုလည်း WHO က သတိပေးခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ဆေးရွက်ကြီးနဲ့ဆေးလိပ်ထုတ်လုပ်မှုအကြီးမားဆုံးကုမ္ပဏီတွေကတော့ Philip Morris International ၊ British American Tobacco၊ Imperial Brands၊ Japan Tobacco International နဲ့ China National Tobacco Crop ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ဈေးကွက်စီးပွားရေး စနစ်ကို ကူးပြောင်းပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာခဲ့ပြီး ကမ္ဘာကျော် စားသောက်ကုန်အမှတ်တံဆိပ်တွေပါ ၀င်ရောက်လာခဲ့ပါတယ်။ အရင်ဆယ်စုနှစ် နှစ်စုအကျော်က ပြည်တွင်း ကနေ စွန့်ခွာသွားပြီး အခုချိန်မှာ Mild Seven၊ Lucky Stirke ၊ Marlboro စတဲ့ စီးကရက်အမှတ်တံဆိပ် တွေဟာ တရားဝင် ပြန်လည်ဝင်ရောက်လာကြတာကို တွေ့ရမှာပါ။ Mild Seven စီးကရက်ကို ထုတ်လုပ်တဲ့ Myanmar-Japan Tobacco Co,.Ltd၊ လန်ဒန်၊ Lucky Stirke စီးကရက်တွေကို ထုတ်လုပ်တဲ့ British American Tobacco Myanmar၊ Red Ruby စီးကရက်ကို ထုတ်လုပ်နေတဲ့ ပြည်တွင်းပုဂ္ဂလိကပိုင်ကုမ္ပဏီ Rothman of Pall Mall Myanmar Pte Ltd တို့ဟာ ဈေးကွက်ဝေစုမှာ နေရာကျယ်ကျယ်ယူထားကြပါ တယ်။
ဒီကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်မှုအများဆုံးနဲ့ စီးကရက်တွေ ထုတ်လုပ်နေကြတာဖြစ်ပြီး သူတို့ ထုတ်လုပ်လိုက်တဲ့စီးကရက်က စားသုံးသူအတွက် တရားဝင်ထုတ်လုပ်ထားတဲ့ပစ္စည်း (Legal Consumer Product) ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးကရက်ထုတ်လုပ်မှုဟာ ၁၉၉၀ ပြည့်နှစ်တွေမှာဆိုရင် စီးကရက် အလိပ်ရေပေါင်း ရှစ်သိန်းလောက်သာ ရှိခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာတဲ့အခါမှာ နှစ်စဉ် စီးကရက်အလိပ်ပေါင်း နှစ်ဘီလီယံအထိ တိုးထုတ်လာပါတယ်။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းလာပြီး နောက်ပိုင်းမှာ စီးကရက်ကုမ္ပဏီတွေ ပိုဝင်ရောက်လာပြီး မူဆယ်မှာ ရှိတဲ့ China National Tobacco Crop ဆိုရင် စီးကရက်စက်ရုံတစ်ရုံထဲက စီးကရက်အလိပ်ရေ ၃ ဘီလီယံအထိ ထုတ်လုပ်တာကို တွေ့ရပါတယ်။ ကျန်တဲ့စီးကရက်ကုမ္ပဏီတွေနဲ့ ဆေးပေါ့လိပ်ထုတ်လုပ်မှုပါ ထပ်ပေါင်းလိုက်ရင် ၁၂ ဘီလီယံအထိ ထုတ် လုပ်ခဲ့တယ်လို့ ၂၀၁၆ ခုနှစ်ရဲ့ စာရင်းတွေအရ သိရပါတယ်။
“ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ စည်းမျဉ်းစည်းကမ်းတွေတင်းကျပ်နေတဲ့အတွက် ဆေးရွက်ကြီးကုမ္ပဏီတွေဟာ ဈေး ကွက်သစ်တွေကို ရှာဖွေရင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ပစ်မှတ်ထားလာကြပါတယ်။ ဒါကြောင့် ၂၀၃၀ ပြည့်နှစ်မှာ ဆေးလိပ်ကြောင့်သေဆုံးသူ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်လာပါလိမ့်မယ်” ဟု WHO ရဲ့တာဝန်ရှိသူတစ်ဦးက ထောက်ပြခဲ့ပါတယ်။
ဆေးရွက်ကြီးအသုံးပြုမှုကို ထိန်းချုပ်ရန် ပိုမိုတင်းကျပ်တဲ့စည်းကမ်းချက်တွေ ထုတ်ပြန်ရန်လိုအပ်နေ ကြောင်း၊ လုပ်ငန်းခွင်နဲ့အများပြည်သူသက်ဆိုင်သော အဆောက်အအုံအတွင်းနေရာတွေမှာ ဆေးလိပ် သောက်ခြင်းကို ပိတ်ပင်သင့်ကြောင်း၊ ဆေးရွက်ကြီးထုတ်ကုန်တွေရဲ့ဈေးကွက်ကို တရားမ၀င်ကြောင်း ကြေ ညာပြီး စီးကရက်ဈေးနှုန်းတွေကို မြှင့်တင်သင့်ဖို့ကိုလည်း WHO ထုတ်ပြန်ခဲ့တဲ့အစီအရင်ခံစာမှာ ဖော်ပြထား ပါတယ်။
အရှေ့တောင်အာရှဒေသမှာဆိုရင် သန်းပေါင်း ၂၆၀ နီးပါးဟာ ဆေးလိပ်သောက်သုံးသူတွေ ဖြစ်ကြပြီး တစ်ကမ္ဘာလုံးနဲ့ယှဉ်ရင် အရှေ့တောင်အာရှနိုင်ငံတွေဟာ ၈၀ ရာခိုင်နှုန်းရှိနေတာကို တွေ့ရပါတယ်။ ဆေးလိပ် သောက်သုံးလို့ သေဆုံးနေရတဲ့အရွယ်တွေက ပျမ်းမျှအသက်သုံးဆယ်နဲ့ သုံးဆယ်ကျော်အရွယ်တွေဖြစ်နေ ပြီး ကုန်ထုတ်စွမ်းအားကို ပိုမိုလုပ်နိုင်တဲ့အရွယ်ဖြစ်တာမို့ စိုးရိမ်နေရတဲ့အခြေအနေပါ။ သက်တမ်းစေ့ မနေရဘဲ အချိန်မတိုင်မီ သေဆုံးရမှုတွေကြောင့် မိသားစုဝင်ငွေတွေ လျော့နည်းလာမှာဖြစ်တဲ့အပြင် ပညာရေး၊ ကျန်းမာရေး၊ အာဟာရဖြည့်တင်းမှု စတာတွေမှာ အသုံးမပြုနိုင်တဲ့အတွက် ဆင်းရဲမှုသက်တမ်း ပိုကြာစေမှာ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဆေးလိပ်နဲ့ဆေးရွက်ကြီးကြောင့် အိမ်ထောင်စုတွေနဲ့ အစိုးရအတွက် ကျန်းမာရေးအသုံးစရိတ် ဒေါ်လာ ၁ ဒသမ ၄ ထရီလျံကျော်က ငွေယိုပေါက်ကြီးသဖွယ် ဖြစ်နေပါတယ်။ နှစ်စဉ်ကျန်းမာရေး အသုံးစရိတ်က ၄၂၀ ဘီလီယံ၊ လူတစ်ဦးချင်းအနေနဲ့ ကြည့်မယ်ဆိုရင် ၅၆ ဒေါ်လာ သုံးစွဲ နေရတာဖြစ်ပြီး ထုတ်လုပ်မှု စွမ်းအားတွေကိုလည်း လျော့ကျစေပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ လူတစ် ဦးလျှင် ကျန်းမာရေးအသုံးစရိတ်က ဆယ်ဒေါ်လာသာသာရှိနေတဲ့အချိန်မှာ ကျန်တဲ့ဒေါ်လာလေးဆယ်ခန့် ကို မိသားစုက အိတ်စိုက် သုံးစွဲနေရတဲ့ အနေအထားမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။
ဒါကြောင့် ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်လာတဲ့ရောဂါဝေဒနာရဲ့အကျိုးဆက်တွေက လူတစ်ဦးချင်း အတွက်၊ မိသားစုအတွက်၊ တိုင်းပြည်အတွက်ပါ စီးပွားရေးအရ ၀န်ထုပ်ဝန်ပိုးဖြစ်စေနိုင်တာကို ငြင်းပယ်လို့ မရပါဘူး။ နိဂုံးချုပ်ဆိုရသော် နိုင်ငံတော်ဝင်ငွေ ပိုတိုးဖို့ စီးကရက်ကို အခွန်တိုးမြှင့်ကောက်ခံခြင်းက ထိရောက်စေမယ့်ကုစားမှုဖြစ်ပြီး စီးကရက်သောက်သုံးမှု မြင့်မားလာတာကို ဟန့်တားဖို့နည်းလမ်းတစ်ခု ဖြစ် ပါတယ်။ ဒါပြင်နိုင်ငံတော်က ဆေးလိပ်နဲ့ဆေးရွက်ကြီးထိန်းချုပ်မှု ဥပဒေကိုလည်း ၂၀၀၆ ခုနှစ်၊ မေလ ၄ ရက်မှာပြင်ဆင်ပြဌာန်းထားပြီးဖြစ်တဲ့အတွက် ဥပဒေဘောင်အတွင်းက လိုက်နာကျင့်သုံးပြီး ကောင်းမွန်တိုးတက်တဲ့ လူနေမှုအဆင့်အတန်းကို တက်လှမ်းကြပါစို့။
AUTHOR – ဥက္ကာအေးကျော်