လွန်ခဲ့သောနှစ်က အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သော “Great Place to Work Conference ” တွင် စတန့်ဖို့ဒ်တက္ကသိုလ်မှ ဒေါက်တာဂျက်ဖ်ဖရီဖက်ဖ်ဖာက အခမ်းအနား၏ အဓိကမိန့်ခွန်းကို ပြောကြားရာတွင် ”အလုပ်လုပ်ကိုင်ရာတွင် သက်သောင့်သက်သာ အဆင်ပြေပြေရှိစေသောလုပ်ငန်းခွင်ကို တည်ဆောင်ပေးသောကုမ္ပဏီများသည် အလုပ်သမား၏ ကာယ၊ ဥာဏကျန်းမာရေးကို မြှင့်တင်ပေးနေသည်သာမကသေး ထိုသူ သက်တမ်းရှည်စွာနေထိုင်နိုင်ရေးကိုပါ ပံ့ပိုးမတည်ပေးနေ ခြင်းဖြစ်သည်”ဟု ထည့်သွင်းပြောကြားခဲ့သည်။
ကျန်းမာရေးနှင့်မညီညွတ်သောလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်ရမှုကြောင့် အလုပ်သမားများ သင့် ရသော ဘေးဘယာရောဂါများ ကုသရခြင်းကြောင့် နှစ်စဉ်ကျန်းမာရေးစရိတ် ဒေါ်လာဘီလီယံ ၁၃၀ မျှ ကုန်ကျရပြီး လူ ၁၂၅,၀၀၀ ကျော် သေဆုံးရလေ့ရှိသည်ဟု သုသေသီများက ဆိုသည်။ လုပ်ငန်းခွင်ကျန်းမာရေးအကြောင်း ပြောဆိုလျှင် အလုပ်သမားများ ကာယလေ့ကျင့်ခန်းများ လုပ်နိုင်ရေး၊ အဟာရ ပြည့်ဝသောနေ့လယ်စာများ ကျွေးမွေးရေး၊ ဖျားနာလျှင်ကုသနိုင်ရေးတို့ကိုသာ ပဓာနထားလေ့ရှိကြသည်။ သို့သော်ထိုသည်တို့ထက် အလေးထားသင့်သောအချက်မှာ လုပ်ငန်းလုပ်ကိုင်ရာ တွင် သက်သောင့်သက်သာရှိစေမည့် လုပ်ငန်းအဆင်အပြင် ဖြစ်ထွန်းရေးပင်ဖြစ်သည်။
တစ်ခါက နာမည်ကြီးလက်ဘက်ရည်ဆိုင်တစ်ဆိုင်၏ပိုင်ရှင်သည် သူ၏လက်ဘက်ရည်ဆိုင်တွင် ခင်းကျင်းရန် စားပွဲကုလားထိုင်များကို ပရိဘောဂဆိုင်တွင် အထူးမှာကြားခဲ့သည်။ ထိုသို့ အထူးမှာရသည့်အကြောင်းမှာ သူ၏ဆိုင်က နေရာအကွက်အကွင်း ကောင်းသည်၊ အခင်းအကျင်း ဆက်ဆံရေးကလည်း ကောင်းသောကြောင့် စားသုံးသူတို့ အကြိုက်တွေ့၊ ထိုင်ပျော်၍ တမေ့တမောထိုင်လေ့ ရှိခဲ့ကြသည်။ အားပေးသူတို့အား အထိုင်ကြာလွန်းသည်ဟုဆို၍ မောင်းမထုတ်သာသောကြောင့် ပိုင်ရှင်သည် ပရိဘောဂသမားထံ အထူးကုလားထိုင်များ မှာခဲ့ရသည်။ သူမှာခဲ့သည့် အထူးကုလား ထိုင်များကား နာရီဝက်ထက်ပိုထိုင်လျှင် ဖင်နာဖင်ကျိန်း မသက်မသာဖြစ်စေသော ကုလားထိုင်များ ဖြစ်ခဲ့သည်။
တကယ်တမ်းပြောရလျှင်ထိုင်ကောင်းသည့်ကုလားထိုင်များ ရောထိုင်၍ မကောင်းသည့်ကုလား ထိုင်များရော ပရိဘောဂဈေးကွက်တွင် လွယ်လွယ်ရသည်။ သို့သော် လိုအပ်သလို အနိမ့်အမြင့်ချိန်နိုင်သလို စိတ်ကြိုက်ရှေ့နောက်လှန်နိုင်သော ဆိုဖာဆုံလည်ကုလားထိုင်မျိုးကို အချို့ကုမ္ပဏီကြီးများ တွင် အကြီးတန်းအရာရှိ၊ သို့မဟုတ် အမှုဆောင်အရာရှိသုံးများအဖြစ်သာ ထားသည်။ အများအရာထမ်းဝန်ထမ်းများက လက်သင့်သလို ဝယ်ယူထားသည့်စားပွဲကုလားထိုင်များနှင့် စခန်းသွားရသည်။
ထိုင်၍မကောင်းသော ကုလားထိုင်တလုံးက ရေတိုတွင် လုပ်ငန်းထဲ စိတ်ဝင်စားမှုကို ထိပါးပြီး ရေ ရှည်တွင် ကျန်းမာရေးကို ထိခိုက်စေကြောင်း ကျောက်ခဲလိုမာကြော၊ သို့မဟုတ် အထွာသေးသော ဖင်ထိုင်များနှင့်ကုလားထိုင်ပေါ် ထိုင်ရ၍ အလုပ်ကို အာရုံမစိုက်နိုင်အောင် မရိုးမရွဖြစ်ရသူများ၊ နိစ္စဓူဝ ပုံစံမကျသောကုလားထိုင်တွင် ထိုင်ရ၍ ခါးကိုက်ခါးနာ၊ ကျောနာဖြစ်ရသည့်သူများ ကောင်း စွာ သိပေမည်။ ဤအပရိကာအသေးမွှားဟု ထင်စရာကိစ္စသည်လည်း ဝန်ထမ်း၏လုပ်အားကို ထိပါးစေနိုင်သော်လည်း ဤအခြေခံအချက်လေးကို သတိပြုမိသူ၊ တနည်းလုပ်ငန်းရှင်များ နည်းပါးသည်ကို တွေ့ရသည်။
အလုပ်သမားများကို ကျန်းမာရေးထိခိုက်မှုကင်းသောလုပ်ငန်းခွင်၊ သို့မဟုတ် ဘေးအန္တရာယ်ကင်းသောလုပ်ငန်းခွင် မတည်ပေးနိုင်လျှင် ယင်းတို့၏လုပ်အားထုတ်လှုပ်မှု ၄၅ ရာခိုင်နှုန်းပင် ထိပါးနိုင်သည်ဟု UAE နိုင်ငံသို့ ကျွမ်းကျင်ဝန်ထမ်းများ ထပ်တိုးလာစေရန်အတွက် လုပ်ငန်းခွင်ကျန်းမာရေး နှင့်ဘေးကင်းရေးစံနှုန်းအသစ်များ ပြဌာန်းအကောင်အထည်ဖော်မည်ဟု လွန်ခဲ့သောလက သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့သော UAE နိုင်ငံ၏ ကျန်းမာရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာအာမင်ဟူစိန် အလ်အီမီရီက ပြော ကြားခဲ့သည်။
ကျန်းမာသောလုပ်ငန်းခွင်တည်ရေးတွင် အမှတ်တမဲ့ထားနေမိသည့်အချက်ကား အပူဒဏ်ပင်ဖြစ်သည်။ အပူဒဏ်ကာကွယ်ရန်အတွက် လေအေးစက်တပ်ဆင်ခြင်းသည် ပြဿနာတစ်စိတ်တစ်ပိုင်း ရှင်းသွားသလို ပြဿနာတစ်စိတ်တစ်ပိုင်း ပိုတိုးလာသည်။ လေအေးစက်နေရာတခုမှ လေအေး စက်တခုသို့ ကူးပြောင်း၍ အလုပ်လုပ်ကိုင်ရခြင်းသည် အဆင်ပြေတတ်သော်လည်း နေရာသဘာဝ အပြောင်းအလဲရှိသောအခါ ကျန်းမာရေးထိခိုက်သည်ကို တွေ့ရသည်။
ဥပမာ အပူပြင်းသော မြန်မာနိုင်ငံတွင် လေအေးစက်တပ်ဆင်ထားသော အိမ်မှနေ၍ လေအေးစက်တပ်ဆင်ထားသော မော်တော်ယာဉ်ဖြင့် လေအေးစက်တပ်ဆင်ထားသောလုပ်ငန်းခွင်သို့ သွား၊ လေအေးစက်တပ်ဆင်ထားသော စားသောက်ဆိုင်တွင် နေ့လည်စာစား၊ လေအေးစက်တပ်ဆင်ထားသောဘီယာဆိုင်တွင် အပန်းပြေရသည့်ဘဝအေးချမ်းမည်မှာ အမှန်ဖြစ်သော်လည်း လုပ်ငန်း ခွင်ပြင်ပသို့ရောက်သည်နှင့် အပူပြင်းပြင်းကြုံ လုပ်ငန်းခွင်ထဲရောက်သည်နှင့်အအေးမြမြကြုံရသည့် အလုပ်သမား၏ဖြစ်စဉ်သည် ရှုံချည်နှပ်ချည်သဘာဝမျိုးကြုံနေသောခန္ဓာကိုယ်၏ တန်ပြန်မှုကို ခံရ ကိန်းရှိသည်မှာ အမှန်ပင်။ ရေတိုတွင် နှာစီးချောင်းဆိုးခေါင်းကိုက်ရောဂါမျိုး ကြုံနိုင်သည်ဟု ဆိုသည်။
ဤအနေအထားမျိုးလုပ်ငန်းခွင် မဖြစ်မနေကြုံနေရသော မျက်မှောက်ခေတ်တွင် ဝန်ထမ်းများအနေ ဖြင့် အပူသက်သာရန် အအုပ်အဆောင်းများ မပြတ်မလပ်ဆောင်ရန် သတိချပ်ရပေမည်။ ဤနေရာ တွင် ညအအေးကဲ နေ့အပူသည်းသော ကန္တာရနိုင်ငံတို့၏လုံခြုံသော အဖုံးအကာဆောင်းသည့် ဓလေ့ကို လုပ်ငန်းခွင်ကျင့်ထုံးတစ်ရပ်အဖြစ် ပြဌာန်းရန်မှာ ကျန်းမာသောလုပ်ငန်းခွင်ဖြစ်ထွန်းရေးကို လိုလားသောလုပ်ငန်းရှင်တိုင်း၏ တာဝန်ပင်ဖြစ်သည်ဟု သုသေသီတို့က ဆိုသည်။
Author – နိုင်သစ်