ကုရာနတ္တိ ဆေးမရှိဆိုတဲ့ ကြောက်မက်ဖွယ်ရာ ဆောင်ပုဒ်နဲ့အတူ မျှော်လင့်ချက်မရှိတော့တဲ့ ဘ၀တွေကို ပိုင်ဆိုင်ရတော့မယ်လို့ ခံယူထားတဲ့ HIV ရောဂါဝေဒနာရှင်တွေဟာ အခုဆိုရင် မျှော်လင့်ချက် အလင်းရောင်တွေကို မြင်တွေ့ နေရပါပြီလို့ ဆိုရမှာပါ။ ၂၀၁၄ ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးမှာ HIV ရောဂါပိုးရှိသူ ၃၉ သန်းရှိခဲ့ရာကနေ ၂၀၁၅ ခုနှစ်တွင် ရောဂါပိုးရှိသူဦးရေ ၃၆.၇ သန်းသာ ရှိခဲ့တဲ့အတွက် နောက်နှစ်တွေမှာ ဒီထက်ထပ်မံ လျော့နည်းသွားဖို့ မျှော်လင့်ရပါလိမ့်မယ်။
မြန်မာနိုင်ငံမှာလည်း HIV ရောဂါပိုးရှိသူ နှစ်သိန်းကျော် ရှိနေတယ်လို့ http://www.aidsdatahub.org ရဲ့ အချက်အလက်အရ သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း AIDS/ HIV ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတော်ရန်ပုံငွေ တိုးမြှင့်သုံးစွဲဖို့လျာထားပါတယ်။အဖက်ဖက်ကနေ အဆိုပါရောဂါကို တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေကြပေမဲ့ ရောဂါဝေဒနာရှင်တွေအတွက် ပြန်လည်ထူထောင်ရေးကဏ္ဍကိုလည်း ပစ်ပယ်ထားလို့ မရပါဘူး။ အရာရာတိုင်းဟာ အကောင်းနဲ့အဆိုး ဒွန်တွဲနေသည်ကား အမှန်ပင်။
လက်ရှိ HIV/AIDS ရောဂါဝေဒနာခံစားနေရသူတွေအတွက် သက်တမ်းစေ့ နေထိုင်နိုင်အောင် ကာကွယ်တားဆီးနိုင်တဲ့ နည်းလမ်းတွေ၊ ART (Antiretroviral Therapy) ဆေးတွေကို ပရဟိတအသင်းတွေ၊ ဖောင်ဒေးရှင်းတွေ၊ NGO၊ INGO အစရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့ပေးနေတာကို တွေ့ရ ပါတယ်။ ၂၀၁၁ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ၆၆ ကြိမ်မြောက် UN Assembly 2011 မှာ ရောဂါဝေဒနာခံစားရတဲ့သူ ၁၅ မီလီယံကို တိုက်ကျွေးနိုင်အောင် ရည်မှန်းထားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ART (Antiretroviral Therapy) ဆေးကို ၁၇ မီလီယံအထိ တိုက်ကျွေးနိုင်ခဲ့ပါတယ်။ အဆိုပါ ကမ္ဘာလုံး ဆိုင်ရာရည်မှန်းချက်ကို ၂၀၀၃ ခုနှစ်မှာ စတင်ချမှတ်နိုင်ခဲ့ပြီး AIDS ရောဂါကြောင့် သေဆုံးသူဦးရေ ၄၃ ရာခိုင်နှုန်းထိ လျော့နည်းလာခဲ့ပါတယ်လို့ UNAIDS က ထုတ်ပြန်ခဲ့ပါတယ်။
ထိုကဲ့သို့ အကောင်းသတင်းတွေကို မြင်နေတွေ့နေရပေမဲ့ လက်ရှိမြန်မာနိုင်ငံမှာတော့ ARTဆေးတိုက်ကျွေးမှုစနစ်နဲ့ပတ်သက်လို့ ထိရောက်မှုရှိနေပြီဆိုလားဆိုတာ မေးခွန်းထုတ်နေရဆဲ ဖြစ်နေပါသေးတယ်။ “အရင်တုန်းက ခက်တယ်ဆိုတာ ဟုတ်တယ်၊ မြို့ပေါ်မှာကို အဆင်မပြေတာ။ အစိုးရကလည်း ကျန်းမာရေးရန်ပုံငွေ နည်းတယ်။ အဲဒီအချိန်တုန်းကဆို ကိုယ်ခံအား ဘယ် လောက်ရှိမှတို့၊ နေရာနဲ့ပတ်သက်လို့ ဥပမာ-ကိုယ်က ရန်ကုန်မြို့ထဲမှာနေလည်း လှိုင်သာယာတို့၊ ရွှေပြည်သာတို့နေတဲ့သူမှ ရမယ်လို့ ရှိခဲ့ဖူးတယ်။ အခုနောက်ပိုင်းမှာလည်း တက်လာတဲ့အစိုးရသစ်က ကျန်းမာရေးရန်ပုံငွေကို တိုးမြင့်ထားတဲ့အတွက် ဆေးတွေလည်း လုံလုံလောက်လောက် ရှိ လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေလာတယ်” လို့ ART ဆေးသောက်နေဆဲဖြစ်တဲ့သူက ဆိုပါတယ်။ မြန်မာနိုင်ငံတွင် HIV/ AIDS ရောဂါဝေဒနာရှင် နှစ်သိန်းကျော်ရှိတဲ့အနက် ၄၇ ရာခိုင်နှုန်းခန့်သာ ART ဆေးသောက်ခွင့်ရနေတဲ့အတွက် ကွာဟချက်၊ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။ အဆိုပါလိုအပ်ချက်တွေနဲ့ ပတ်သက်လို့ MPG ရဲ့ ဦးသော်တာထွန်းက “ တစ်ခုရှိတာက အစိုးရမှာလည်း တာဝန်ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်မှု၊ နယ်မြေဒေသတွေ မအေးချမ်း တာတွေလည်း ပါပါတယ်။ အဲဒီနေရာတွေကို မရောက်ရင် အခက်အခဲတွေက ရှိနေမှာပဲ။ အဲဒီနေရာ တွေကို ရောက်ဖို့အတွက် အဓိကတော့ နိုင်ငံရေးနဲ့လည်း ဆိုင်တယ်။ တိုင်းပြည်အေးချမ်းရင် ဖြစ်နိုင် ပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ဖြစ်နေတဲ့နေရာတွေက ဝေးနေရင်တောင် ကျွန်တော်တို့ MPG Group ကတော့ ကျန်းမာရေး ၀န်ကြီးဌာနဲ့ပူးပေါင်းပြီးကူညီပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး လုပ်လို့ရတာတွေကို လုပ်နေပါတယ်” လို့ ဆိုပါတယ်။
ဒါဆိုရင် လူ့သက်တမ်းစေ့နေနိုင်တဲ့ ART ဆေးသောက်ခွင့်ရတဲ့ဝေဒနာရှင်တွေအဖို့ လုပ်ငန်းခွင်မှာ ၀င်ရောက်လုပ်ကိုင်နိုင်ခွင့် ရ/မရ ဆိုတဲ့ အကြောင်းအရာကတော့ လေးနက်လွန်းလှပါ တယ်။ သက်တမ်းစေ့နေထိုင်နိုင်တဲ့ဝေဒနာရှင်တစ်ယောက်ကို အများနည်းတူ တန်းတူညီမျှအခွင့်အရေးပေးသင့်တယ်လို့ လူမှုအဖွဲ့အစည်းတွေက လက်ခံကြပေမယ့် စီးပွားရေးလုပ်ငန်းတွေ အတွက်တော့ သဘောတူဖို့ဆိုတာ ခဲယဉ်းနေမယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် သိသာထင်ရှားပါတယ်။ HIV ပိုးရှိတဲ့သူတွေအနေနဲ့ ကျန်းမာရေးကုသမှုကို တခြားရောဂါဝေဒနာရှင်ထက် အခကြေး ငွေ ပိုပေးရခြင်း၊ ခွဲခြားဆက်ဆံမှုတွေ၊ အလုပ်အကိုင်မရရှိနိုင်တဲ့အတွက် စီးပွားရေးကျပ်တည်းမှုကို ရင်ဆိုင်နေရဆဲဖြစ်နေသလို နောက်ဆုံးကျန်းမာရေးအာမခံထားဖို့အတွက်တောင် နည်းလမ်းမရှိဘူး လို့ သိရပါတယ်။
၂၀၁၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့တဲ့ UNAIDS ရဲ့ Stigma Index အရ အာရှနိုင်ငံတွေမှာဆိုရင် HIV ရောဂါရှိတဲ့အတွက် အလုပ်ကနေအထုတ်ခံရတဲ့အထဲမှာ ကမ္ဘောဒီးယားနိုင်ငံက ၅၀ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးကရပ်တည်နေပြီး မြန်မာနိုင်ငံကတော့ ၂၇ ရာခိုင်နှုန်း ရှိနေပါတယ်။ AIDS Discrimination in Asia Reports အရ လူခြောက်ယာက်မှာ တစ်ဦးကတော့ လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံမှုကို ခံရတယ်လို့ ထုတ်ပြန်ထားပါတယ်။
မူလလူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင် ဆက်လက်နေထိုင်နိုင်ဖို့ အခွင့်အလမ်းတွေ အရင်ကထက် ရှိလာပေမယ့် လုပ်ငန်းခွင်တွင် ၀င်ရောက်လုပ်ကိုင်နိုင်ဖို့ အခွင့်အရေးကတော့ နည်းပါးနေ တုန်းပါပဲ။ ဒီလိုအခွင့်အရေးတွေ ပေါ်ပေါက်လာဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်နေ တဲ့ Myanmar Positive Group ရဲ့ Chair Person ဖြစ်သူ ဦးသော်တာထွန်းက “ HIV ကြောင့် အလုပ်ဖြုတ်ခံရတာတွေလည်း ရှိတယ်။ ကျွန်တော်တို့မှာ Case Study တွေ၊ Survey တွေ အများ ကြီး ရှိတယ်။ ခွဲခြားမှုကို တားမြစ်တဲ့ မြန်မာနိုင်ငံတော်အဆင့် ဥပဒေယန္တရား၊ HIV နဲ့ AIDS တို့နဲ့ သက်ဆိုင်တဲ့ဥပဒေထွက်ပေါ်လာအောင် ဆောင်ရွက်နေပါတယ်။ အဓိကကတော့ ဥပဒေနဲ့ ကာ ကွယ်ပေးနိုင်တာ ရှိမှပဲ ကျွန်တော်တို့အတွက် အဆင်ပြေမယ်။ အခုလက်ရှိမှာ ကျွန်တော်တို့ MPG အနေနဲ့ ဥပဒေ အမြန်ဆုံးထွက်ပေါ်လာအောင် လွှတ်တော်မှာ ဆွေးနွေးနေတယ်။ ဒီနှစ်ထဲမှာ လွှတ် တော်ထဲရောက်ပြီး ဆွေးနွေးနိုင်မယ်လို့ ထင်တယ်။ ကျွန်တော်တို့ ဒီ Group မှာတော့ အလုပ် အကိုင်အခွင့်အလမ်းကို အကန့်အသတ်နဲ့ ဖန်တီးပေးထားပါတယ်။ တစ်နိုင်ငံလုံးမှာ ကျွန်တော်တို့ အဖွဲ့ခွဲ ၁၇ ခုရှိပြီး ၀န်ထမ်းပေါင်း ၁၄၀ ကျော်ရှိတယ်။ ရှေ့လျှောက်လည်း ဆက်တိုးချဲ့သွားဖို့ ရှိတယ်”လို့ ပြောပြခဲ့ပါတယ်။ သို့ဖြစ်ပါ၍ သင့်တင့်လျောက်ပတ်တဲ့အလုပ်၊ စွမ်းဆောင်ရည်ပြည့်ဝနေတဲ့ လုပ်အား၊ လုပ်ငန်းခွင်တွေကို အားလုံးဝိုင်းဝန်း ဖန်တီးပေးနိုင်ဖို့ရာအတွက် မျှော်လင့်ရင်း…