အမေရိကန်နိုင်ငံဆေးရုံများဆိုင်ရာအဖွဲ့အစည်း၏အဆိုအရ အမေရိကန်နိုင်ငံရှိ ၉၀ ရာခိုင်နှုန်းကျော်သော ဆေးရုံများတွင်လူနာများအပေါ် ပိုမိုကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် Telehealth ခေါ် (နည်းပညာအထောက်အကူပြု ကျန်းမာရေးစောင့်ရှောက်မှု) ကို အရှိန်အဟုန်ဖြင့် တိုးမြှင့်အသုံးပြု၍ ကြိုးပမ်းနေကြပြီဖြစ်သည်။ လူနာများအဖို့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ဆေးရုံ၊ဆေးခန်းများထိ သွားရောက် ကုသခံယူရန်မလိုဘဲ အွန်လိုင်းမှတဆင့်စောင့်ရှောက်မှု ရယူလိုက်နိုင်ခြင်းဖြင့် ကုန်ကျစရိတ်များစွာ သက်သာစေရန်လျော့ချပေးနိုင်မည်ဖြစ်သည်။
ယနေ့ချိန်ခါတွင် ကမ္ဘာအနှံ့အပြား၌ Telehealth နည်းပညာသည် လူအများစု၏ လက်တစ်ကမ်းသို့ မိုဘိုင်းဖုန်းကွန်ရက်များမှတဆင့်ရောက်ရှိလာပြီဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် လက်ခံသူ အကြားအနီးဆုံးရောက်အောင် ပို့ဆောင်ပေးမည့် ပေါင်းကူးတံတားသဖွယ်ဖြစ်လာသည်။ ကမ္ဘာအရပ်ရပ်ရှိ ဆေးရုံဆေးခန်းကြီးများတွင်လည်း Telehealth နည်းပညာကို တိုးချဲ့ပြီး ဝန်ဆောင်မှုပေးနိုင်လာခြင်းဖြင့် ရပ်နီး ရပ်ဝေးမှလူဦးရေများစွာတို့အတွက် အချိန်ပိုင်းအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ကျန်းမာရေးစောင့် ရှောက်မှု လွှမ်းခြုံလာနိုင်ပြီဖြစ်သည်။ လွယ်ကူလျင်မြန်သောစောင့်ရှောက်မှုကို လိုအပ်သည့်အချိန်တိုင်း ရရှိနိုင် ခြင်း၊ နေရာဒေသများစွာသို့ လွှမ်းခြုံနိုင်ခြင်းဖြင့် လူထုတစ်ရပ်လုံး၏ ကျန်းမာရေးအခြေအနေ တိုးတက်လာစေ နိုင်ခြင်း၊ မလိုအပ်ဘဲ ဆေးရုံဆေးခန်းများသို့ သွားရောက်ရသည့်အကြိမ်ရေ လျော့ချပေးနိုင်ခြင်းသည် ကုန်ကျ စရိတ်များစွာသက်သာစေခြင်းကြောင့် လူနာများနှင့် ဆေးရုံ၊ ဆေးခန်းဝန်ဆောင်မှုတို့အကြား ယုံကြည်မှုများ စွာမြင့်မားလာစေနိုင်ရာ နှစ်ဦးနှစ်ဖက်အကျိုးတူဖြစ်ထွန်းစေမည့် လုပ်ဆောင်ချက်တစ်ရပ်ပင်ဖြစ်သည်။
ထို့ပြင် Telehealth ဝန်ဆောင်မှုဖြင့် မိမိဆေးရုံဆေးခန်း၏ကျန်းမာရေးစောင့်ရှောက်မှုသည် တစ်နိုင်ငံ လုံးသို့ရောက်ရှိနိုင်ယုံသာမက တိုင်းတပါးတွင် သွားရောက်နေထိုင်ကြသော ဘာသာစကားအခက်ခဲဖြင့် ကြုံ တွေ့နေရသည့် မိမိတို့နိုင်ငံသားများထံသို့ပါ ရောက်ရှိသွားနိုင်ပါသည်။ နာတာရှည်ရောဂါသည်များအဖို့ နေ့စဉ်ပုံမှန်စောင့်ရှောက်မှုကို အွန်လိုင်းမှတဆင့် ရယူနိုင်ခြင်း၊ ရပ်ဝေးမှလူနာများအတွက်လည်း မရှင်းလင်း သည့်အချက်အလက်များကို ပြန်လည်ဆွေးနွေးမေးမြန်းနိုင်ခြင်း၊ အရေးပေါ်အခြေအနေကြုံတွေ့နေရသူများ အတွက် ရှေးဦးသူနာပြုနည်းလမ်းများကို အချိန်နှင့်တပြေးညီ လမ်းညွှန်ပေးနိုင်ခြင်းတို့သည် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်ဆီသို့ ဦးတည်နေသည်ကား အမှန်ပင်။ သို့ဖြစ်ပါ၍ တမျိုးသားလုံး၏ ကျန်းမာ ရေးအခြေအနေ တိုးတက်မြင့်မားလာစေရန် တဖက်တလမ်းမှအထောက်ကူပေးနိုင်မည့် Telehealth နည်းပညာ မိမိနေရာဒေသအတွင်းအရှိန်အဟုန်ဖြင့်တိုးတက်အောင်မြင်လာစေရန် မိမိတို့သက်ဆိုင်ရာ အခန်းကဏ္ဍအသီး သီးမှ အားလုံးပူးပေါင်းပါဝင်ကြစေလိုစိတ်ဖြင့် အကြံပြုရေးသားလိုက်ရပါသည်။