သင့်အတွက် ကိုယ်ပိုင်မိသားစုဆရာဝန် တစ်ယောက်ရှိဖို့ကို စိတ်ကူးဖူးပါသလား။
ကျွန်ုပ်တို့လူသားတွေအားလုံး နေ့စဉ်ဘဝမှာ လှုပ်ရှားရုန်းကန်ရင်း တခါတရံမှာ နေထိုင်မကောင်း ဖြစ်တတ်ကြပါတယ်။
ပုံမှန်အားဖြင့်တော့ နေထိုင်မကောင်းဖြစ်တဲ့အချိန် နီးစပ်ရာ ဆေးရုံဆေးခန်းမှာ သွားရောက် ပြသကြရပါတယ်။ ဒါပေမယ့် တခါတလေမှာ အကြောင်းကြောင်းကြောင့် မအားလပ်လို့ပဲ ဖြစ်ဖြစ် သာမန်နှာစေးချောင်းဆိုး ကိစ္စလေးနဲ့ မပြချင်လို့ပဲဖြစ်ဖြစ် ဆေးရုံ ဆေးခန်းသွားဖို့ကို အဆင်မပြေ ဖြစ်တတ်ကြပါတယ်။ ဒီလိုအခါမျိုးမှာ သင့်အတွက် ကိုယ်ပိုင် မိသားစုဆရာဝန် တစ်ယောက်ရှိဖို့ စိတ်ကူးဖူးပါသလား။
သာမန်ဝင်ငွေသာရရှိတဲ့ လူတစ်ယောက် ဒါမှမဟုတ် မိသားစုတစ်စု အတွက်တော့ ဒီစိတ်ကူးဟာ အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်ပါတယ်။ သို့သော်လည်း တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေကြောင့် mHealth ဟာ အခုလို ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေကို ပြေလည်စေနိုင်မယ့် နည်းလမ်းအသစ်တစ်ခု ဖြစ်လာပါတယ်။
mHealth ဆိုတာဘာပါလဲ
mHealth အကြောင်းမပြောခင် Telehealth အကြောင်းအရင်ရှင်းပြပါမယ်။
Telehealth ဆိုတာကတော့ အဝေးတစ်နေရာမှာရှိတဲ့လူနာတွေကို သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာတွေ အသုံးပြုပြီး ရောဂါရှာဖွေပေးခြင်း၊ ကုသပေးခြင်း၊ အကြံပြုဆွေးနွေးခြင်း၊ ပညာပေးခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပေးတဲ့ ပုံစံတစ်မျိုးဖြစ်ပါတယ်။ Telehealth မှာ အောက်ပါအတိုင်း အဓိကပုံစံ လေးမျိုးရှိနိုင်ပါတယ်။
- Live Video – ရုပ်သံခေါ်ဆိုမှုဖြင့် တိုက်ရိုက်ဆက်သွယ်ပြောဆိုခြင်း။
- Store and Forward – ကျန်းမာရေးမှတ်တမ်း အချက်အလက်များ ပေးပို့၍ တိုင်ပင် ဆွေးနွေးခြင်း။
- Remote Patient Monitoring – လူနာ၏ ကျန်းမာရေး အခြေအနေကို အဝေးမှနေ၍ စဉ်ဆက်မပြတ် စောင့်ကြည့်ပေးခြင်း။
- mHealth – မိုဘိုင်းဖုန်းနည်းပညာကို အသုံးပြု၍ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း။
အဆိုပါ ပုံစံများထဲမှ mHealth ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေများနဲ့ ကိုက်ညီမှုအရှိဆုံး ဖြစ်ပါတယ်။
mHealth ဟာ မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးရှိစေနိုင်မှာလဲ။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ နောက်ပိုင်းမှာ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဆက်သွယ်ရေး ကဏ္ဍအတွက် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်လာခဲ့ပါတယ်။ ပြည်ပ ဖုန်းအော်ပရေတာများကို လုပ်ကိုင်ခွင့် ပေးပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းအသုံးပြုမှုဟာ သိသိသာသာ တိုးတက်လာခဲ့ပြီး အင်တာနက်အသုံးပြုမှုဟာလည်း ပိုမိုများပြားလာပါတယ်။
မိုဘိုင်းဖုန်းနည်းပညာများကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှုတွေကို လက်လှမ်းမီရယူဖို့ခက်ခဲတဲ့ ကျေးလက်နေပြည်သူတွေ၊ သွားလာရခက်ခဲတဲ့ ဒေသက ပြည်သူတွေအတွက် mHealth ဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်မယ့် နည်းလမ်း အသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နေ့စဉ် အလုပ်တာဝန်တွေကြောင့် မအားလပ်နိုင်တဲ့ မြို့ပြနေပြည်သူတွေအတွက်လည်း mHealth ဟာ အထောက်အပံ့ကောင်းတစ်ခု ဖြစ်လာနိုင်မှာပါ။
ပြည်သူများအနေနဲ့ mHealth စနစ်ကို အသုံးပြုပြီး ကျန်းမာရေးဆိုင်ရာ ကိစ္စများကို နေရာဒေသမရွေး ကနေ မိမိတို့ရဲ့မိုဘိုင်းဖုန်းကတဆင့် ဆရာဝန်နဲ့ မေးမြန်းတိုင်ပင်နိုင်မှာ ဖြစ်ပါတယ်။ သာမန် နေထိုင်မကောင်း ဖြစ်တာက စပြီး ကျန်းမာရေးနဲ့ကိုက်ညီတဲ့ ရေရှည်နေထိုင် စားသောက်ရမယ့် ပုံစံတွေအထိပါ mHealth စနစ်ကို အသုံးပြုပြီး မေးမြန်းပြောဆိုနိုင်ပါတယ်။
ဒါ့အပြင် အရှက်အကြောက်ကြီးတဲ့ မြန်မာလူမျိုးတွေအတွက် ပြင်ပမှာ ဆရာဝန်နဲ့တိုက်ရိုက်မမေးမြန်းရဲတဲ့ မျိုးဆက်ပွားကျန်းမာရေး ကိစ္စများကိုလည်း mHealth စနစ်မှာ မိမိတို့ရဲ့ အမည်၊ နေရပ်လိပ်စာ စတဲ့ ကိုယ်ရေးအချက်အလက်များကို ဖော်ပြစရာမလိုပဲ ပွင့်ပွင့်လင်းလင်း မေးမြန်း လာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအသိ၊ ကျန်းမာရေးဗဟုသုတတွေ တိုးပွားလာနိုင်ပြီး မြန်မာပြည်သူတွေရဲ့ လူမှုစီးပွားဘဝကိုလည်း တဖက်တလမ်းက တိုးတက်လာစေမှာပါ။
အချုပ်ဆိုရရင် ကျန်းမာရေးကိစ္စရပ်များကို မိုဘိုင်းဖုန်းကတဆင့် လွယ်လင့်တကူ မေးမြန်းနိုင်တဲ့ အတွက်ကြောင့် mHealth စနစ်ဟာ အသုံးပြုတဲ့ ပြည်သူများအတွက် ကိုယ်ပိုင်မိသားစု ဆရာဝန်တစ်ဦးလို ဖြစ်လာနိုင်မှာဖြစ်ပါတယ်။