ဆေးခန်းအတွင်းသို့ လူငယ်တစ်ယောက် ၀င်ရောက်လာသည်။ ထိုလူငယ်ကို ဒေါက်တာအောင်နိုင် သိသည်။ လူငယ်က ရိုးရိုးသားသားနှင့် အေးဆေးသောလူငယ်လေးတစ်ယောက်။ ရပ်ကွက်သာရေးနာရေးများ တွင်လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားတတ်သော လူငယ်တစ်ယောက်။
“အစ်ကို့ကို ပြောစရာလေးရှိလို့ပါ”
လေသံတိုးတိုးလေး။ ဘေးလူကြားမှာ စိုးရိမ်သောအသံနှင့် ပြောသည်။ ဘေးတွင်ရပ်နေသော ဆရာမ ကိုလည်း လှမ်းကြည့်လိုက်သည်။ သူပြောနေသောစကားများကို ဆရာမ ကြားသွားမည်ကို စိုးရိမ်ပုံရ သည်။
ဒေါက်တာအောင်နိုင်တစ်ယောက် ဆရာမကိုအပြင်သို့ ခဏထွက်ခိုင်းလိုက်သည်။
“ဆရာမ အပြင်ခဏလောက်ထွက်ပေးပါလား”
ထို့နောက်မှ လူငယ်က နှစ်ကိုယ်ကြားလေသံလေးနှင့်
“ဘယ်ကနေဘယ်လိုစပြောရမှန်းကို မသိတော့ပါဘူးအစ်ကိုရယ်”
“အဆင်ပြေသလိုပြော ငါ့ညီ၊ အစ်ကိုတို့နှစ်ယောက်တည်း အားနာစရာ မလိုပါဘူး။”
ဒေါက်တာအောင်နိုင်တစ်ယောက် လူငယ်ကို စကားကြောင်းပေးလိုက်သည်။
“ပြောရမှာလဲရှက်ပါတယ်ဗျာ”
“ပြောပါကွာ ငါ့ညီရ “
“ကျွန်တော် ကျွန်တော့်ကောင်မလေးနဲ့ အတူတူနေမိတယ်ဆရာ”
“အင်း။ အဲဒါဘာဖြစ်လို့လဲ။ ကောင်မလေးဘာဖြစ်လို့လဲ”
ဒေါက်တာအောင်နိုင်တစ်ယောက် ကောင်မလေးကိုစိုးရိမ်သွားမိသည်။ အတူတူနေပြီးမှ ကိုယ်ဝန်များ ရှိသွား ခဲ့သော် ဒုက္ခ။
ကိုယ့်တွင်လည်းညီမငယ်ရှိသည့်အတွက် ကိုယ်ချင်းစာသည်။ ကောင်မလေးတစ်ခုခု ဖြစ်လို့လား ဆိုပြီး ခေါင်းကြီးသွားသည်။
“ကောင်မလေးကတော့ ဘာမှ မဖြစ်ပါဘူးအကို။ ကျွန်တော်သာ ဖြစ်တာပါ”
“ဟေ..”
ဒေါက်တာအောင်နိုင်တစ်ယောက် အံ့သြရသည်။
“မင်းက ဘာဖြစ်တာလဲ”
“ကျွန်တော် ဆီးကျင်နေလို့ အကို။ အစပိုင်းလောက်ကတော့ ဆီးကကျင်ရုံကျင်တာ။ အခု အဖြူအရည် တွေ ဆင်းနေလို့”
ဂနိုရောဂါတော့ ကူးစက်လာပြီ။ အမျိုးသားတစ်ယောက် သုတ်ရည်မဟုတ်ဘဲ အဖြူရည်တွေဆင်းလျှင် ဂနို ရောဂါဖြစ်သည်။
“အတူတူက အမြဲနေလား”
“တစ်ခါပဲနေဖူးတာပါ အကိုရယ်။ တစ်ခါတည်းပါ။ အဲဒါ ဘာဖြစ်တာလဲသိချင်လို့ပါ”
“လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတစ်မျိုးပဲပေါ့။ ဂနိုရောဂါလို့ ခေါ်တယ်”
“သေချာလို့လား အစ်ကို”
“သေချာပါတယ်”
လူငယ်လေး ဝမ်းနည်းပက်လက်ဖြစ်ပုံက အထင်းသား။
“ကောင်မလေးက ရည်းစားလား။”
ပိုက်ဆံပေးခေါ်ရတဲ့ကောင်မလေးလားလို့တော့ ညှာတာထောက်ထားသောအားဖြင့် မမေးလိုက်ပါ။
“ရည်းစားပါ ဆရာ။ ကျွန်တော်တို့ကျောင်းကပါပဲ”
“သူရော အခုနေကောင်းလား။ ဘာဖြစ်တယ်လို့ပြောလဲ”
အားနာနာနှင့်ပဲ မေးလိုက်သည်။
“ကျွန်တော်သူ့ကို မေးကြည့်ပြီးပြီ။ တိုက်ရိုက်ကြီးတော့လည်း မဟုတ်ပါဘူး။ သူက ဘာမှ မဖြစ်ဖူးတဲ့။ ”
“ဒီရည်စားနဲ့အတူ မနေခင်က တခြားသူတွေနဲ့ရော ဆက်ဆံဖူးလား”
“ကျွန်တော်တစ်သက်မှာသူ့တစ်ယောက်နဲ့ပဲရည်းစားဖြစ်ဖူးတာပါ။ သူနဲ့ပဲပထမဆုံးအကြိမ် အတူတူ နေဖူးတာ။ အပြင်မှာလည်း တခြားကောင်မလေးတွေနဲ့ အတူမနေဖူးပါဘူး”
ခက်တော့နေပေပြီ။
လူငယ်ကောင်လေးက ကောင်မလေးကို တော်တော်ချစ်ခင်စွဲလန်းပုံရသည်။ တစ်သက်မှာ ပထမဆုံးအကြိမ် လိင်ဆက်ဆံဖူးခြင်းလည်းဖြစ်နိုင်သည်။
“Condom မသုံးခဲ့ဖူးပေါ့”
“ကိုယ့်ရည်းစားနဲ့ အတူနေတာပဲအကိုရယ်။ Condom သုံးစရာမလိုဘူးလေ။ ပြီးတော့လည်း သူ ရာသီလာပြီး အတူနေလိုက်တာဆိုတော့ ကိုယ်ဝန်လည်း မရနိုင်ဖူးလေ”
ကိုယ်ဝန်မရနိုင်သော ရက်ကိုရွေးပြီး အတူနေသည်ကိုတော့ ချီးကျူးရမည်။ တချို့ဆိုလျှင် ဘယ်နေ့တွင် အတူနေလျှင် ကိုယ်ဝန်ရနိုင်ပြီး ဘယ်နေ့တွင် အတူနေလျှင် ကိုယ်ဝန်မရနိုင်သည်ကို မသိကြ။
“ကိုယ်ဝန်မရနိုင်တဲ့နေ့ကိုတော့ မင်းတို့က သိသားပဲ”
“ဟုတ်တယ်အစ်ကို။ မိန်းကလေးတစ်ယောက် ရာသီမလာခင် ၇ ရက်နဲ့ လာပြီး ၇ ရက်အတွင်း အတူ နေရင် ကိုယ်ဝန်မရနိုင်ဘူးလို့ ကျန်းမာရေးအမေးအဖြေ Page (OnDoctor) ထဲက ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖတ်လိုက်ရတယ်။ အဲဒါကြောင့်ပါ”
“Condom က လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးတယ်”
“Condom ဆိုတာမျိုးကလည်း ပိုက်ဆံပေးပြီးခေါ်တဲ့ကောင်မလေးတွေနဲ့မှ ဆက်ဆံရတာလေအကို။ အခုဟာကကိုယ်ချစ်တဲ့ မိန်းကလေး၊ ကိုယ်မြတ်နိုးတဲ့ မိန်းကလေးဆိုတော့ ကျွန်တော် ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ ဘယ်ထင်မလဲ။ အခုတော့ ”
လူငယ်လေး အံကိုကြိတ်ပြီး စကားကို အနိုင်နိုင်ပြောနေသည်။ ဘေးက ရပ်နေသော ဒေါက်တာ အောင်နိုင်တစ်ယောက် မေးရိုးကြီးတွေထောင်နေသောလူငယ်ကို ကြည့်ပြီး သက်ပြင်းချမိသည်။
“သူက ကျွန်တော်အပြင် တခြားလူတစ်ယောက်ရှိနေလို့ပေါ့နော် ဆရာ”
“ဒါကတော့ သူ့ကိုမေးကြည့်ရမှာပဲလေ။ အခုလောလောဆယ်တော့ ဒီရောဂါအတွက် ဆေးပေးလိုက် မယ်။ ဒီရောဂါမျိုးက နှစ်ယောက်စလုံးအတူတူကုမှရတာ။ ညီလေးတစ်ယောက်တည်း ကုနေရုံနဲ့ မပြီးသေးဘူး။ သူ့ကိုပါ တစ်ပါတည်း ဆေးတိုက်ရမယ်။ သူ့ကို ခေါ်ခဲ့ပါ”
“ဒီလိုမျိုး မသန့်ရှင်းတဲ့ မိန်းမတစ်ယောက်နဲ့ နောက်ကို ကျွန်တော် မဆက်ဆံတော့ဘူးအကို”
“ဆက်ဆံတာ၊ မဆက်ဆံတာက နောက်မှ ပြောရမယ့်အပိုင်းပါ။
အခုလောလောဆယ်တော့ ညီလေးရဲ့ ကောင်မလေးကိုပါ ဆေးခန်းခေါ်လာခဲ့ပါ။ သူ့ကိုပါ ကုပေးမယ်”
“ကျွန်တော် သူ့ကိုရွံ့လာတယ် အကို။ သူနဲ့ ကျွန်တော်နဲ့ကြားမှာတံတိုင်းကြီးတစ်ခု ခြားသွားပါပြီ။ ”
လူငယ်လေး တော်တော်စိတ်နာသွားပုံရသည်။
“အဓိကက မင်းတို့နှစ်ယောက်စလုံးဆေးကုရမယ်။
သူ့ကိုခေါ်မလာချင်ဘူးဆိုရင်တောင် သူ့ကို ဆေးခန်းသွားပြပါလို့ ညီပြောလိုက်ပါ။ အစ်ကို ဒါကိုတော့ ကြားထဲကပဲ တောင်းဆိုချင်တယ်။ ဆေးမကုဘဲနေရင် နောင်တစ်ချိန်မှာဆိုးကျိုးတွေ အများကြီးဖြစ်လာမယ်။ သူ မကုခဲ့ရင် နောက်သူနဲ့ဆက်ဆံတဲ့သူတွေကို ရောဂါ တွေ ဖြန့်ဝေနေတဲ့သဘောဖြစ်နေလိမ့်မယ်”
“ဟုတ်ကဲ့ပါ အစ်ကို။ သူ့ကိုပြောလိုက်ပါမယ်။
ကျွန်တော့်ရောဂါကကုရင် ပျောက်ပါတယ်နော်”
“ပျောက်ပါတယ်။ ဆေးကို ပုံမှန်သောက်ရင် ပျောက်ပါတယ်။ မကုရင်တော့ နောင်တစ်ချိန်မှာ ကလေးမရနိုင်တာမျိုးဖြစ်တတ်တယ်။ လူတိုင်းတော့ မဟုတ်ဘူး။ တစ်ချို့မှာ ဖြစ်တတ်တယ်။”
အသေးစိတ်ထက် အရေးကြီးတာပဲ ပြောလိုက်သည်။
“သြော်။ ကျေးဇူးတင်ပါတယ် အစ်ကို”
“စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ ငါ့ညီရယ်။ အေးအေးဆေးဆေးဆွေးနွေးလို့ရတဲ့ကိစ္စတွေပါ။ အခုတလော သမီးရည်းစားရန်ဖြစ်ရင် တုတ်တွေ၊ ဓားတွေပါတာတွေလည်း ရှိနေတယ်။ ဒါမျိုးတွေလည်း မလုပ်ပါနဲ့။ ကိုယ် တကယ်ချစ်ရင် ခွင့်လွှတ်နိုင်ရမယ်။
သူများသားသမီးကို ထိခိုက် နစ်နာအောင် မလုပ်ပါနဲ့။”
“မလုပ်ပါဘူး အစ်ကို”
“အေးပါကွာ။ အဆင်ပြေကြပါစေ”
“ကျေးဇူးတင်ပါတယ် အစ်ကို”
ထွက်သွားသောလူငယ်လေးကိုကြည့်၍ ဒေါက်တာအောင်နိုင်တစ်ယောက် အတွေးရေယဉ်ကြောတွင် မြောနေမိသည်။
လူငယ်တစ်ယောက်အနေနှင့် ဒီလိုမျိုးကိစ္စမျိုးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲဆိုတာကို သိချင်သည်။ နောက်တစ်နေ့ ဆေးခန်းပြန်လာပြမှပဲ ဒေါက်တာအောင်နိုင်တစ်ယောက် သိချင်တာတွေကို သိရ ပါတော့မည်။ အခုတော့ ညှိနှိုင်းဆွေးနွေးခြင်းများ အေးအေးဆေးဆေးဖြစ်ပါစေလို့ပဲ ဆုတောင်းနေပါတော့ သည်။