မကူးစက်နိုင်သောရောဂါများ (NCDs) သည် နာတာရှည်ရောဂါများဖြစ်ကြပြီး အချိန်ကြာလာသည်နှင့်အမျှ ရောဂါရင့်လာနိုင်ကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏စာရင်းဇယားများအရ မကူးစက်နိုင်သော ရောဂါ များကြောင့် နှစ်စဉ် လူပေါင်း (၃၈) သန်းခန့်သေဆုံးလျက် ရှိကြသည်။ ထိုသို့ သေဆုံးမှုများ၏ လေးပုံသုံးပုံခန့် သည် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများမှဖြစ်ကြသည်။
မကူးစက်နိုင်သော ရောဂါ များ၏ အဓိက အမျိုးအစား (၄) မျိုးမှာနှလုံးသွေးကြောနှင့်ဆိုင်သောရောဂါများ (နှလုံးရောဂါနှင့်လေဖြတ်ရောဂါ ကဲ့သို့ သောရောဂါများ) ၊ ကင်ဆာရောဂါများ၊ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ (နာတာ ရှည် အဆုတ်ပွရောဂါနှင့် ရင်ကျပ်ပန်းနာရောဂါ တို့ကဲ့သို့သောရောဂါများ) နှင့် ဆီးချိုရောဂါတို့ဖြစ်ကြသည်။ ယင်းတို့ အနက် နှလုံးသွေးကြောနှင့် ဆိုင်သောရောဂါများကြောင့် သေဆုံးမှုမှာအများဆုံးဖြစ်ပြီး နှစ်စဉ် လူပေါင်း (၁၇.၅) သန်းခန့်သေဆုံးလျက်ရှိသည်။ ထို့နောက် ကင်ဆာရောဂါများကြောင့် (၈.၂) သန်းခန့်၊ အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါများကြောင့် (၄) သန်းခန့် နှင့်ဆီးချိုရောဂါကြောင့် (၁.၅) သန်းခန့် အသီးသီး သေဆုံးလျှက်ရှိ ကြသည်။
မကူးစက်နိုင်သောရောဂါများ၏ သုံးပုံနှစ်ပုံခန့်မှာအောက်ပါတို့နှင့် ဆက်စပ်လျှက်ရှိသည်။
- ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးခြင်း
- ကျန်းမာရေးနှင့် မညီညွတ်သောအစားအစာများစားသောက်ခြင်း
- အရက်သေစာအလွန်အကျွံ သောက်သုံးခြင်း
- ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
မကူးစက်နိုင်သောရောဂါများအပေါ် အာရုံစိုက်လာမှု
၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် မကူးစက်နိုင်သောရောဂါများကို ကမ္ဘာတဝှမ်းလူမှုရေးနှင့် စီးပွားရေး ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအားအဟန့်အတားဖြစ်စေသည့် အရေးကြီးကိစ္စရပ်တစ်ခုအဖြစ် သတ်မှတ်၍ ကမ္ဘာ ခေါင်းဆောင်များမှဆွေးနွေးခဲ့ကြသည်။၂၀၁၀ပြည့်နှစ်စာရင်းများအရမကူးစက်နိုင်သောရောဂါများကြောင့် ကမ္ဘာ လုံးဆိုင်ရာ GDP ၏ ၅% အထိ ဆုံးရှုံးမှုရှိခဲ့သည်။ ထို့ကြောင့်ကုလသမဂ္ဂ၏ Sustainable Development Goals (၁၇) ချက်၏ တတိယမြောက် ရည်မှန်းချက်တွင် “ကာကွယ်ခြင်း၊ ကုသခြင်းနည်းလမ်းများကို အသုံးပြု၍ မကူး စက်နိုင်သောရောဂါများကြောင့် အရွယ်မတိုင်မီသေဆုံးမှုကို၂၀၃၀ပြည့်နှစ်၌ သုံးပုံတစ်ပုံ လျှော့ချရန်” ဟူသည့် လျာထားချက်တစ်ခုပါဝင်လာသည်။ ယင်းသို့ပါဝင်လာခြင်းသည်ပင် မကူးစက်နိုင်သောရောဂါများအပေါ် ကမ္ဘာမှ ပိုမိုအလေးထားလာကြောင်းပေါ်လွင်လျက်ရှိသည်။
မကူးစက်နိုင်သောရောဂါများကြောင့် လုပ်ငန်းခွင်အပေါ်ထိခိုက်မှုများ
မကူးစက်နိုင်သောရောဂါများသည် လုပ်ငန်းများ၏ ထုတ်လုပ်နိုင်စွမ်းကို ထိခိုက်နိုင်စေပြီး အောင်မြင်သော လုပ်ငန်းတစ်ခုအဖြစ် အကောင်အထည်ဖော်ရာတွင် အခက်အခဲ ဖြစ်စေသည်။ မကူးစက်နိုင်သော ရောဂါခံစားရ ခြင်းကြောင့် အလုပ်သမားများအနေဖြင့်လုပ်ငန်းခွင်တွင်တက်ကြွစွာလုပ်ဆောင်နိုင်မှုမရှိခြင်း၊ စိတ်ဓာတ်ရေးရာ ကျဆင်းခြင်း၊ လုပ်ငန်းခွင်သို့ ပုံမှန်မလာရောက်နိုင်ခြင်း၊ ငွေကြေးကုန်ကျမှုများရှိခြင်း၊ လုပ်ငန်းခွင်အန္တရာယ် များ ဖြစ်ပွားနိုင်ခြင်း စသည့်အချက်များနှင့် ကြုံတွေ့ရနိုင်သည်။ ထို့ပြင် မကူးစက်နိုင်သောရောဂါများကြောင့် ကိုယ်ခံ အားကျဆင်းကာ ကူးဆက်နိုင်သောရောဂါများကိုလည်းထပ်ဆင့် ခံစားရနိုင်သည်။ လုပ်ငန်းရှင်များအနေဖြင့် လည်း ကုန်ထုတ်လုပ်မှုကျဆင်းခြင်း၊ ဝင်ငွေထိခိုက်ခြင်း၊ လုပ်သားအင်အားလျော့ကျခြင်းစသည်တို့အပြင် လုပ်ငန်းရပ်ဆိုင်းခံရနိုင်သည့် အခြေအနေမျိုးကိုပါ ကြုံတွေ့ရနိုင်ပေသည်။
လုပ်ငန်းခွင်၌ မကူးစက်နိုင်သောရောဂါများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ခြင်း
သတင်းအချက်အလက် အသိပညာပေးခြင်း
အလုပ်သမားများအား မကူးစက်နိုင်သောရောဂါများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ အသိ ပညာဗဟုသုတများ ဖြန့်ဝေပေးရန်လိုအပ်သည်။ ဥပမာ – ဆေးလိပ်၊ အရက်သေစာ သောက်သုံးမှုကို ပညာပေး ခြင်း၊ ကျန်းမာရေးနှင့် ကိုက်ညီသည့်နေထိုင်စားသောက်မှုပုံစံကိုလမ်းညွှန်ပေးခြင်း။
မကူးစက်နိုင်သောရောဂါ ဖြစ်ပွားနိုင်ခြေကိုလျှော့ချခြင်း
မကူးစက်နိုင်သောရောဂါဖြစ်ပွားနိုင်ခြေရှိသော ပြုမူနေထိုင်မှုများကိုလျှော့ချပေးရန် လိုအပ်သည်။ ဥပမာ – ဆေးလိပ်မသောက်ရဇုန်များထားရှိခြင်း၊ အရက်သေစာသောက်စားမှုကို ကန့်သတ်ခြင်း၊ အားလပ်ချိန်တွင် ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန် ထားရှိပေးခြင်း။
ရောဂါဖြစ်ပွားလျက်ရှိသောအလုပ်သမားများကိုကူညီထောက်ပံ့ပေးခြင်း
ရောဂါဖြစ်ပွားလျက်ရှိသောအလုပ်သမားများသည် ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုများအပြင် စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ လည်းလိုအပ်ကြသည်။ ထို့ပြင် ၎င်းတို့၏ လုပ်ငန်းနှင့် ပတ်သက်သည့် အာမခံချက်ရရှိရန် လည်းလိုအပ်ကြသည်။ ဥပမာ – ရောဂါဝေဒနာပျောက်ကင်းချိန်/ သက်သာချိန်တွင် မူလလုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိစေခြင်း။
အလုပ်သမားများအပေါ် စဉ်ဆက်မပြတ် ကြည့်ရှုစောင့်ရှောက်ခြင်း
လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အလုပ်သမားများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေ များကိုစဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်ရန်လိုအပ်သည်။ အလုပ်သမားများ၏ လုပ်ငန်းခွင်တွင်း စိတ်ဖိစီးမှု အခြေအနေများ၊ အလုပ်ဝန်ပိမှု အခြေအနေများကိုသိရှိနားလည်ကာဖြေရှင်းပေးရန်လိုအပ်သည်။ ထို့ပြင် ပုံမှန် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အားလပ်ရက် အပန်းဖြေခရီးများ စေလွှတ်ခြင်းစသည်တို့ကို လုပ်ဆောင်ပေးနိုင် ရန် လည်းလိုအပ်သည်။
မကူးစက်နိုင်သောရောဂါများကိုကာကွယ်ဖြေရှင်းခြင်းကြောင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများ
အထက်တွင်ဖော်ပြခဲ့သကဲ့သို့ မကူးစက်နိုင်သောရောဂါများသည် လုပ်ငန်းခွင်အပေါ် နှောင့်နှေးမှုများ ဖြစ်ပေါ် စေနိုင်ပြီး ၎င်းတို့ကို ကြိုတင်ကာကွယ်ခြင်း၊ ကုသဖြေရှင်းခြင်းတို့ဖြင့် ကောင်းမွန်သော ရလဒ်များကို ရရှိလာနိုင် စေသည်။ ၎င်းရလဒ်များထဲမှ အချို့မှာအောက်ပါအတိုင်းပင်ဖြစ်သည်။
- ကုန်ထုတ်လုပ်မှုပိုမိုတိုးတက်လာခြင်း
- လုပ်ငန်းခွင်တွင် ပိုမို၍တက်ကြွစွာပါဝင်ဆောင်ရွက်လာခြင်း
- အလုပ်ထွက်မှုနှုန်းလျော့ကျလာခြင်း
- လုပ်ငန်းရှင်နှင့် အလုပ်သမားများကြားဆက်ဆံရေးပိုမိုကောင်းမွန်လာခြင်း
- ကျန်းမာပျော်ရွှင်ဖွယ်ကောင်းသောလုပ်ငန်းခွင်ဖြစ်လာခြင်း
- လုပ်ငန်း၏ ပုံရိပ်မြင့်တက်လာနိုင်ခြင်း