ဒီကနေ့  စီးပွားရေးလုပ်ငန်းခွင်တွေ အများဆုံးကြုံတွေ့  နေရတဲ့ ဝန်ထမ်းရေးရာ စိန်ခေါ်မှုတွေထဲမှာ ဝန်ထမ်းများ ခွင့်ယူခြင်းက အဓိကပါဝင်နေပါတယ်။ လုပ်ငန်းခွင်တွေအနေနဲ့  နိုင်ငံတော်က ပြဌာန်းထားတဲ့ ဥပဒေသတွေနဲ့  အညီ ဝန်ထမ်းများခွင့်ယူနိုင်ဖို့ အတွက် ဝန်ထမ်းရေးရာမူဝါဒနဲ့  စည်းမျဉ်းစည်းကမ်းတွေ ထားကြပါတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေဟာ စည်ကမ်းလိုက်နာသူတွေအတွက် နစ်နာမှုမရှိစေဖို့ ရာ ရည်ရွယ်သော်လည်း ဝန်ထမ်းတွေအတွက် မဖြစ်မနေခွင့်ယူရတဲ့ အကြောင်းအရာတွေက အကြိမ်ကြိမ်ကြုံနေရတာကြောင့် ဝန်ထမ်းရော လုပ်ငန်းခွင်ပါ အခက်အခဲရှိကြပါတယ်။ ခွင့်ယူရခြင်းအကြောင်းရင်းကို အဖြေရှာကြည့်တဲ့အခါ ကျန်းမာရေးနဲ့  တစ်နည်းတစ်ဖုံပါတ်သက်နေတာကို သတိပြုမိကြမှာပါ။ ကိုယ်တိုင်နေမကောင်းခြင်းသာမက မိသားစုဝင်တစ်ဦးဦးနေမကောင်းခြင်းကလည်း ခွင့်ယူရမယ့် အခြေအနေတွေ ဖြစ်စေတာကို တွေ့ ရပါတယ်။ ကျန်းမာရေးရာ စိန်ခေါ်မှုတွေဟာ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ဈေးကွက်ထဲကလုပ်ငန်းခွင်တွေရော ဘက်ပေါင်းစုံဖိအားတွေနဲ့ ဝန်ထမ်းတွေအတွက်ပါ အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။ ဒီစိန်ခေါ်မှုကို အသေးစိတ် လေ့လာကြည့်ကြရအောင်။
အဖြေရှာကြည့်ရင်
ဝန်ထမ်းတွေအနေနဲ့  ခွင့်ယူတဲ့အခါ သက်ဆိုင်ရာလုပ်ငန်းခွင်က ပြဌာန်းထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ၊ ဝန်ထမ်းရေးရာ မူဝါဒတွေနဲ့ အညီ ယူဖို့  လိုအပ်ပါတယ်။ ဒါမှလည်း မလိုလားအပ်တဲ့ အဆင်မပြေမှုတွေ၊ အငြင်းပွားမှုတွေ မကြုံတွေ့ ရမှာ ဖြစ်ပါတယ်။ ဒီနေ့  လုပ်ငန်းခွင်တွေရဲ့  ဝန်ထမ်းရေးရာ ကိစ္စရပ်တွေမှာ ခွင့်ကိစ္စက မဖြစ်မနေ ပါဝင်နေပါတယ်။ ဝန်ထမ်းတွေဘက်မှာလည်း မယူမဖြစ် ယူရမယ့် အကြောင်းအရာကြောင့် ခွင့်ယူရခြင်းဖြစ်ဖို့ လိုသလို ထုတ်ပြန်ထားတဲ့ လုပ်ငန်းခွင်လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ယူခြင်းဖြစ်ဖို့ လိုပါတယ်။ လုပ်ငန်းခွင်ဘက်ကလည်း ဥပဒေနှင့် ကိုက်ညီတဲ့ ခွင့်အမျိုးအစားများကို ထည့်သွင်းရေးဆွဲထားတဲ့ မူဝါဒများ၊ နည်းဥပဒေများ၊ ဝန်ထမ်းရေးရာလက်စွဲစာအုပ်များ ထားရှိရမှာပါ။
သို့ သော်လည်း ခွင့်နှင့်ပါတ်သက်တဲ့ နည်းဥပဒေတွေဟာ ဝန်ထမ်းတွေရဲ့  ကျန်းမာရေးအခက်အခဲတွေကို ဖြေရှင်းပေးနိုင်ခြင်းမရှိတာကို သတိပြုစရာ ဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ လူနေမှုစတိုင်၊ အစားအသောက်၊ အနေအထိုင် စတဲ့ အကြောင်းရင်းပေါင်းများစွာရဲ့  တွန်းအားဟာ ယိုင်နဲ့  လာတဲ့လာတဲ့ ကျန်းမာရေးစိန်ခေါ်မှုတွေရဲ့  အဓိကတရားခံတွေအဖြစ် တည်ရှိနေပါတယ်။ လူတွေဟာ အိတ်ခ်ျအိုင်ဗွီ။ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး စတဲ့ ကူးစက်ရောဂါများကိုသာ ကြောက်ရွံ့စိုးရိမ်ကြလေ့ရှိပြီး မကူးစက်နိုင်တဲ့ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုးရောဂါတွေ၊ ကမ္ဘာတစ်ဝန်း အသက်(၇၀)မတိုင်ခင်သေဆုံးသူတွေနှလုံးရောဂါတွေကိုတော့ ပေါ့ပေါ့တန်တန်မှတ်ယူကြတတ်ပါတယ်။ ကမ္ဘာ တစ်ဝန်း အသက်(၇၀)မတိုင်မီ သေဆုံးသူများရဲ့  (၅၂)ရာခိုင်နှုန်းဟာ မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်တာကို သတိပြုမိစေချင်ပါတယ်။
ကုန်ထုတ်စွမ်းအားတွေ တိုးမြင့်ဖို့ 
လုပ်ငန်းခွင်တွေရဲ့  ကုန်ထုတ်စွမ်းအားတွေ သိသိသာသာကျဆင်းလာမှုဟာ ဝန်ထမ်းတွေရဲ့ ကိုယ်စိတ်ကျန်းမာဖွံ့ ဖြိုးမှုနဲ့  တိုက်ရိုက်ပါတ်သက်နေပါတယ်။ ကျန်းမာရေးဟာ လူနေမှုစတိုင်ပြောင်းလဲလာခြင်းနဲ့  ဆက်နွယ်မှုရှိနေတာကို လက်ခံကြရမှာပါ။ အစားအသောက်ပုံစံ၊ လူနေမှုစတိုင်ပြောင်းလဲလာခြင်းနဲ့ အတူ စိတ်ဖိစီးမှုများလာတဲ့ ပါတ်ဝန်းကျင်အနေအထားတို့ ဟာ ယိုင်နဲ့ လာတဲ့ ကျန်းမာရေးရဲ့  အဓိကအကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ ဒါကို ပြေလည်အောင် မဖြေရှင်းနိုင်ရင် ဝန်ထမ်းရေးရာမှုဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းတွေဟာ ဝန်ထမ်းတွေရဲ့  လက်ရှိအခက်အခဲတွေကို မပြေလည်စေပါဘူး။ ကုန်ထုတ်စွမ်းအားလည်း ပြန်လည်မြှင့်တင်ဖို့  ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။
ဝန်ထမ်းတွေရဲ့  မိသားစုဝင်တွေလည်း အရေးကြီးပါတယ်။ သူတို့ ကိုယ်စိတ်ကျန်းမာရေးအခြေအနေတွေဟာလည်း ဝန်ထမ်းတွေရဲ့  လုပ်ငန်းခွင်အပေါ် ကိုယ်စိတ်အာရုံကို လျော့ပါးစေပါတယ်။ သို့ သော်လည်း လုပ်ငန်းခွင်တွေအနေနဲ့  ဝန်ထမ်းတွေအတွက်ရော၊ ဝန်ထမ်းမိသားစုတွေအတွက်ပါ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးဖို့  မလွယ်ကူပါဘူး။ လွယ်မယောင်နဲ့ ခက်နေဆဲ ပုစ္ဆာတစ်ပုဒ်ဟာ လုပ်ငန်းခွင်နဲ့  ဝန်ထမ်းအကြားက အဖုအထစ်ဖြစ်စေပါတယ်။ ဒီပုစ္ဆာကို အဖြေရှာဖို့  လိုပါတယ်။
အခြေခံကျန်းမာရေးဝန်ဆောင်မှုသည် “အခမဲ့”
ရောဂါဖြစ်လာမှ ကုသခြင်းဟာ ရောဂါကာကွယ်ခြင်းထက် ပိုပြီး ကုန်ကျစရိတ်များပါတယ်။ ကျန်းမာရေးအခက်အခဲဟာ အခြေခံလူတန်းစားတွေအတွက်တော့ ကြီးစွာသော စိန်ခေါ်မှုပါပဲ။ အပိုကုန်ကျစရိတ်ကို ကျော်လွန်ပြီး ချေးငှားပေါင်နှံကာ ကုသရတဲ့ အဖြစ်မျိုးတွေကို ကျော်လွှားနိုင်ဖို့  အတွက် အခြေခံကျန်းမာရေးဝန်ဆောင်မှုကို စရိတ်အနည်းဆုံးနဲ့  အလွယ်တကူ လက်လှမ်းမီဖို့  လိုပါတယ်။ ဒီလိုလက်လှမ်းမီဖို့ အတွက် အားထုတ်မှုတွေရဲ့  ရလဒ်ရဲ့  နောက်ဆက်တွဲမှာလည်း လုပ်ငန်းခွင်ကုန်ထုတ်စွမ်းအားတွေ ပြန်လည် မြင့်မားလာစေမှာ ဖြစ်ပါတယ်။
အခြေခံကျန်းမာရေး ဝန်ဆောင်မှုဟာ မြန်မာနိုင်ငံက မည်သည့်အဖွဲ့ အစည်းအတွက်မဆို အခမဲ့ ရရှိနိုင်ပါတယ်။ Viber ရှိသော ဖုန်းနံပါတ်မှတဆင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ကျန်းမာရေးဗဟုသုတများပို့ ပေးခြင်း၊ နေထိုင်မကောင်းဖြစ်ပါက အွန်လိုင်းမှတဆင့် ဆရာဝန်များနှင့် တိုင်ပင်နိုင်ခြင်း၊ မည်သည့်ကျန်းမာရေးအခက်အခဲကိုမဆို မိသားစုဆရာဝန်တစ်ဦးကဲ့သို့  ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်နိုင်ခြင်းစတာတွေကို အခမဲ့ ဝန်ဆောင်မှုပေးမယ့် အစီအစဉ် “Good for Business, Good for Health” ကို မည်သည့်လုပ်ငန်းခွင်မဆို ပါဝင်နိုင်ပါတယ်။ မည်သည့်စီးပွားရေး၊ လူမှုရေး နယ်ပယ်မဆို ကျန်းမာသော လုပ်ငန်းခွင်ဖြစ်မှ ပြည့်စုံသော လုပ်ငန်းခွင် ဖြစ်နိုင်တာမို့  လုပ်ငန်းခွင်များအနေနဲ့  ပါဝင်စေလိုပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။ အခမဲ့ရရှိနိုင်မယ့် အခြေခံကျန်းမာရေးဝန်ဆောင်မှုဟာ အကောင်းဆုံးလက်ဆောင်ဖြစ်မယ် လို့ လည်း ယုံကြည်မိပါတယ်။