“အား ကျွတ် ကျွတ်”ဒေါ်ခိုင်တစ်ယောက် ညနေခင်း မီးပျက်သဖြင့် ဖယောင်းတိုင်ထွန်းနေစဉ်ပဲ ရင်ခေါင်းထဲက စူးတက်လာသဖြင့် စုပ်တသပ်သပ် ရှိနေတယ်။ အိမ်မှာရှိတဲ့ သွေးဆေးလေးလျှက်ပြီး ရေသောက်ချလိုက်တော့ နည်းနည်းသက်သာသလိုရှိသွားတယ်။ လူလည်း နုံးချိနေလို့ ဝါးပက်လက် ကုလားထိုင်လေးပေါ်မှာ ငြိမ်ငြိမ်လေး လှဲနေမိတယ်။ “မနေ့ကလို ချဉ်စုတ်စုတ်အရည်တွေ မအန်တော့တာတော်သေးတယ်” လို့ ဖြည့်တွေးလေး တွေးနေရင်း “ဒီရောဂါဝေဒနာ အမြန်ပျောက်ပါစေ”ဟု ဆုတောင်းယုံသာ တတ်နိုင်တော့တယ်။ အစာစားလိုက်၊ အန်လိုက်၊ ရင်ပူလိုက်၊ အိပ်မရဖြစ်လိုက်နဲ့ လူလည်းလုံးပါးပါးနေပြီ်။
ဆေးခန်းပြရအောင်ကလည်း သမီးဖြစ်သူ စက်ရုံမှာ အလုပ်လုပ်လို့ ရတဲ့လစာကို သားအမိ နှစ်ယောက် လောက်ငှအောင်စားနေရတဲ့ အခြေအနေ၊ အိမ်မှာ ကိုယ်ကိုယ်တိုင် စက်ချုပ်စက်ဟောင်လေးနဲ့ တစ်နေ့ တစ်နေ့ အထည်ချုပ်လို့ ရတဲ့ငွေနဲ့ အိမ်လခကိုအလျင် မှီအောင် မနည်းပေးထားရတယ်။ သားအမိနှစ်ယောက် လုံး အပိုအလို မသုံးစွဲဘဲ ခြိုးခြံနေလို့သာ အကြွေးမတင်တာ။ ဆေးခန်းသွားဖို့ လိုတဲ့ငွေကို နေ့ပြန်တိုး၊ ခေါက်ပြန် တိုးယူရအောင်ကလည်း အတိုးနှုန်းက မနည်းမနောဖြစ်နေလို့ မယှုရဲ။
ဖခင်ဆုံးကတည်းက ပညာတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ကာ မိခင်ကိုလုပ်ကျွေးနေတဲ့ သမီးကို လည်း ကြွေးပူအတွက် စိတ်မညစ်စေချင်တော့။ “အို ငါသေချင် သေပါစေ၊ ဒီအတိုင်းပဲ ကြိတ်မှိတ်ခံတော့ မယ်”ဟု စိတ်ကို ဒုံးဒုံးချကာအိပ်ပျော်ဖို့ကြိုးစားမိလေသည်။ မှေးခနဲဖြစ်သွားပြီး မျက်စိဖွင့် ကြည့်မိလိုက်တော့ သမီးက ပက်လက်ကုလားထိုင်ဘေး ကြမ်းပြင်ပေါ်မှာ တင်ပလ္လင်ခွေထိုင်ရင်း ဖုန်းထိုင်ပွတ်နေတာ မြင်မိတယ်။ သနပ်ခါးဘဲကြားလိမ်းထားတဲ့သမီးကို ကြည့်ရင်း“သြော် သူလည်း ဒီအရွယ်လေး ကျောင်းဆက်တက်ချင်မှာပဲ” ဟုတွေးမိရင်း စိတ်မကောင်းဖြစ်မိလို့ သမီးခေါင်းကို ပွတ်ပေးနေမိတယ်။
“အမေ နိုးလာပြီလား၊ အမေခံစားနေရတာ သက်သာအောင် ဘယ်လိုလုပ်ရမလဲသိပြီ”
“ဘယ်လိုသိတာလဲသမီးရဲ့”
“ဆရာဝန်ကို မေးလိုက်တာလေ”
“အိုသမီးရယ် ပိုက်ဆံတွေကုန်ပါတယ်”
“တစ်ပြားမှကို မကုန်ဘူးအမေရဲ့”
“ဟေ”
“ဒီနေ့ သမီးတို့ စက်ရုံက ဆရာဝန်လေးက ကျန်းမာရေးအကြောင်း၊ ဆရာဝန်တွေနဲ့ အင်တာနက်ကနေအခမဲ့ ဆွေးနွေးလို့ရတဲ့ ကျန်းမာရေးအမေးအဖြေအကြောင်းကို ပြောပြလိုက်တယ်လေ။ အဲဒါနဲ့ အမေအိပ်နေတုန်း အမေခံစားနေရတာတွေကိုစာပို့ပြီးမေးလိုက်တော့ ဟိုဘက်ကဆရာလေးက ချက်ချင်းပြန်ဖြေတယ်။ အမေဖြစ် နေတာက အစာအိမ်ယောင်တာဖြစ်ဖို့များပါတယ်တဲ့။ အစာပျော့တာကို နည်းနည်းချင်းစီခွဲစားပါ။ အပူအစပ် ရှောင်ပါ။ စိတ်ဖိစီးမှုနည်းအောင် နေပါ။ နွားနို့သောက်ပါတဲ့။ ဒီမှာကြည့် အစာအိမ်ရောဂါအကြောင်း သေချာ ရှင်းပြပေးထားတဲ့စာနဲ့ ပုံလေးပါ ပို့ပေးသေးတယ်။”
“ဟုတ်လား။ ခုနကသမီးပြောသလို သူတို့က အခမဲ့ရော ဖြေပေးကြတာလားဟင်”
“ဟုတ်အမေရဲ့။ အခုဆိုရင် သမီးတို့ စက်ရုံက လုပ်ဖော်ကိုင်ဖက်တွေက သူတို့ကိုယ်တိုင်အတွက်ရော မိသားစု တွေအတွက်ပါ မေးကုန်ကြပြီလေ။ ဒီအစီအစဉ်က သမီးတို့ မိသားစုလိုကျန်းမာရေးအတွက်သုံးဖို့ ငွေအပို မရှိတဲ့သူတွေအတွက် ချွေတာရေးပဲ။”
ဒေါ်ခိုင်တစ်ယောက် သမီးဖြစ်သူရဲ့အဖြေကို ကြားရင်း စိတ်ထဲမှာ ကျေနပ်ပီတိဖြစ်သွားကာ ရောဂါသက်သာ ပျောက်ကင်းသွားအောင်ကို ခံစားမိလိုက်ပါတော့တယ်။